ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ပွဲတွေ နှစ်ကုန်ချိန်အထိ ဆက်ရှိနေမယ်လို့ အစ္စရေးက မျှော်လင့်နေ

ဂါဇာကမ်းမြောင်ဒေသမှာ သူတို့နိုင်ငံရဲ့ စစ်ဆင်ရေးတွေကို အခုနှစ်ကုန်အထိ ဆက်လက်လုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း အစ္စရေးအကြီးတန်းအရာရှိတစ်ဦးက အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

နိုင်ငံ့လုံခြုံရေးအကြံပေး Tzachi Hanegbi က ပြည်တွင်းမီဒီယာတစ်ခုနဲ့ ဗုဒ္ဓဟူးနေ့မှာ စကားပြောခဲ့ပါတယ်။

အစ္စလာမစ်အုပ်စု ဟားမတ်စ်အဖွဲ့ရဲ့ အုပ်ချုပ်ရေးနဲ့ စစ်ရေးစွမ်းရည်တွေကို ဖျက်ဆီးပစ်ဖို့ သူ့နိုင်ငံဟာ တိုက်ခိုက်မှုတွေကို နောက်ထပ် ၇ လကြာ လုပ်ဆောင်သွားဖို့ မျှော်လင့်ထားတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

အစ္စရေးစစ်တပ်ဟာ ဗုဒ္ဓဟူးနေ့မှာ ဂါဇာကမ်းမြောင်တစ်ဝန်းကို တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း Rafah က အိမ်တစ်လုံးကို လေကြောင်းက တိုက်ခိုက်မှုကြောင့် ကလေး ၃ ဦးအပါအဝင် လူ ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေက ပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၁၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အစ္စရေး-ဟားမတ်စ် ပဋိပက္ခတွေ ပြီးခဲ့တဲ့ အောက်တိုဘာလက စတင်ခဲ့ပြီးကတည်းက ဂါဇာကမ်းမြောင်ဒေသမှာ သေဆုံးသူ အရေအတွက်ဟာ ၃၆,၁၇၁ ဦးအထိ မြင့်တက်လာခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

အစ္စရေးရဲ့ စစ်ရေးထိုးစစ်ကို ချက်ချင်းရပ်တန့်ဖို့ ယာယီအစီအမံတွေကို အပြည်ပြည်ဆိုင်ရာတရားရုံးက သောကြာနေ့မှာ ထုတ်ပြန်ပြီးနောက် Rafah မှာ အစ္စရေးက ထိုးစစ်တွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။