ဂျပန်အလယ်ပိုင်း မြို့တစ်မြို့မှာ စွန့်ပစ်အိမ်သုံးပစ္စည်းတွေကို အွန်လိုင်း အဟောင်းဈေးကွက်ကနေ ရောင်းချ

ဂျပန်နိုင်ငံ အလယ်ပိုင်းက Fukui မြို့မှာ အသုံးပြုနိုင်သေးတဲ့ အကြီးစား အိမ်သုံးပစ္စည်းအဟောင်းတွေကို ဂျပန်က ပစ္စည်းအဟောင်းရောင်းချရေး အဓိကဝက်ဘ်ဆိုက်ကနေ စတင် ရောင်းချနေပြီ ဖြစ်ပါတယ်။

မြို့တော်ဝန် Saigyo Shigeru နဲ့ အဲဒီအွန်လိုင်း အဟောင်းဈေးအပလီကေးရှင်းကို စီမံခန့်ခွဲတဲ့ကုမ္ပဏီ Mercari ရဲ့ တာဝန်ရှိသူတွေက အဲဒီလိုမျိုးပစ္စည်း အခု ၂၀ ကို ဗုဒ္ဓဟူးနေ့က ရောင်းချခဲ့ပါတယ်။ အဲဒီအထဲမှာ ကလေးတွေအတွက် တစ်ဘီးစက်ဘီးတစ်စီးနဲ့ ဂစ်တာတစ်လုံးတို့လည်း ပါဝင်ပါတယ်။

အသုံးမလိုလို့ စွန့်ပစ်တဲ့ အိမ်သုံးပစ္စည်း အများအပြားကို ပြန်အသုံးပြုနိုင်တယ်လို့ အဲဒီမြို့တော်ဝန်က ပြောပါတယ်။ အခုပဏာမလှုပ်ရှားမှုကနေ သုံးပြီးသားပစ္စည်းတွေ ပြန်လည်သုံးစွဲမှုကိုအလေးပေးတဲ့ လူ့အဖွဲ့အစည်း ဖန်တီးရာမှာ အထောက်အကူဖြစ်စေဖို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

ရောင်းပြီးတဲ့ ပစ္စည်းတွေကို ဝယ်သူဆီပို့ဆောင်ပေးမယ့်အစား မြို့ရဲ့အရင်းအမြစ်စုဆောင်းရေးဌာနမှာ ဝယ်သူတွေကလာယူဖို့ Fukui မြို့ အုပ်ချုပ်ရေးရုံးက တောင်းဆိုထားပါတယ်။ ရရှိတဲ့အမြတ်အစွန်းတွေကို ပြန်လည်အသုံးပြုနိုင်တဲ့ အရင်းအမြစ်တွေ စုဆောင်းရေး ကုန်ကျစရိတ်တွေအတွက် အသုံးပြုမယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

သတ်မှတ်အရွယ်အစားထက် ပိုကြီးတဲ့အမှိုက်တွေ လာသိမ်းပေးဖို့အတွက် တစ်နှစ်ကို လျှောက်လွှာပေါင်း ၃၀,၀၀၀ လောက် ရလေ့ရှိတယ်လို့ Fukui မြို့ တာဝန်ရှိသူတွေက
ဆိုပါတယ်။ နောက်ပိုင်းမှာ ရောင်းချမယ့် ပစ္စည်းအရေအတွက် တိုးမြှင့်သွားဖို့ သူတို့က စီစဉ်ထားပါတယ်။