Rafah က လေကြောင်းတိုက်ခိုက်မှုကို ကမ္ဘာတစ်ဝန်း ဆန္ဒပြသူတွေ အပြစ်တင်ရှုတ်ချ

ဂါဇာတောင်ပိုင်းမှာရှိတဲ့ Rafah မြို့မှာ ထိုးစစ်ဆင်မှုကို ရပ်တန့်ဖို့ဆိုတဲ့ နိုင်ငံတကာတရားရုံးရဲ့ သောကြာနေ့ကအမိန့်ကို အစ္စရေးတပ်ဖွဲ့တွေက ဖီဆန်ခဲ့ပါတယ်။ ဒီသီတင်းပတ်ကုန်မှာ သူတို့က လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး လူပေါင်း ၄၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးမှာ အပြစ်တင်ဝေဖန်မှုတွေ ရှိနေပါတယ်။

တနင်္လာနေ့တုန်းက စပိန်ကဆန္ဒပြသူတွေက လူမျိုးတုံးသတ်ဖြတ်မှုလို့ သူတို့ခေါ်တဲ့ ဒီလုပ်ဆောင်မှုမှာ “ကြံရာပါ” မဖြစ်ချင်ဘူးလို့ ပြောခဲ့ပါတယ်။ စပိန်ရဲ့နိုင်ငံရေးခေါင်းဆောင််တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အိုင်ယာလန်နဲ့ နော်ဝေနိုင်ငံခေါင်းဆောင်တွေနဲ့အတူ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုထားတဲ့ တခြားနိုင်ငံပေါင်း ၁၄၀ ကျော်ထဲကို ပါဝင်လာခဲ့ပါတယ်။ အစ္စတန်ဘူလ် က ဆန္ဒပြသူတွေက အစ္စရေးကောင်စစ်ဝန်ရုံးကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က သူနဲ့သူ့အဖွဲ့ဟာ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုနေတယ်လို့ လွှတ်တော်အမတ်တွေကို တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ အရပ်သားတွေကို မထိခိုက်အောင် ရှောင်ဖို့ သူရဲ့တပ်ဖွဲ့တွေဟာ အကြီးအကျယ် ကြိုးပမ်းခဲ့ကြပေမဲ့ ဝမ်းနည်းစရာ အမှားအယွင်း တစ်ခုခု ဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။