Takahama စက်ရုံက ဓာတ်ပေါင်းဖို ၂ လုံး နှစ် ၂၀ သက်တမ်းတိုးဖို့ ဂျပန်နျူကလီးယားကြီးကြပ်ရေးအဖွဲ့ ခွင့်ပြု

ဂျပန်နိုင်ငံအလယ်ပိုင်းက Takahama နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာရှိတဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ ဓာတ်ပေါင်းဖို ၂ ခု လည်ပတ်မှုကို အနှစ် ၂၀ သက်တမ်းတိုးဖို့ Kansai လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီရဲ့ တောင်းဆိုချက်ကို ဂျပန်နျူကလီးယားကြီးကြပ်ရေးအဖွဲ့က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

နျူကလီးယားကြီးကြပ်ရေးအာဏာပိုင်အဖွဲ့ (NRA) က ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ အဲဒီကုမ္ပဏီရဲ့ လျှောက်ထားမှုအပေါ် ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာရှိတဲ့ နျူကလီယားဓာတ်ပေါင်းဖိုတွေရဲ့ လည်ပတ်မှုသက်တမ်းကို မူအားဖြင့် အနှစ် ၄၀ ကန့်သတ်ထားပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ လည်ပတ်မှုကို နောက်ထပ်အနှစ် ၂၀ အထိ သက်တမ်းတိုးနိုင်ပါတယ်။

Fukui ခရိုင်မှာရှိတဲ့ Takahama စက်ရုံက ဓာတ်ပေါင်းဖိုနံပါတ် ၃ နဲ့ ၄ တို့ရဲ့ လည်ပတ်မှုဟာ လာမယ့်နှစ်မှာ ကန့်သတ်ထားတဲ့ နှစ် ၄၀ သက်တမ်းကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ဓာတ်ပေါင်းဖိုတွေနဲ့ တခြား အဓိက ကိရိယာတွေ ပျက်စီးယိုယွင်းမှု ရှိမရှိ အထူးစစ်ဆေးမှုတွေကို စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း NRA ရဲ့ အတွင်းရေးမှူးရုံးက အဲဒီအစည်းအဝေးမှာ အစီရင်ခံခဲ့ပါတယ်။ အဲဒီဓာတ်ပေါင်းဖိုတွေဟာ သက်တမ်းတိုးခွင့်ပြုဖို့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

NRA ကော်မရှင်အဖွဲ့ဝင်တွေအကြားမှာ အဲဒီအစီရင်ခံစာကို ကန့်ကွက်မှု မရှိပါဘူး။ အဲဒီသက်တမ်းတိုးမှုကို သူတို့က တညီတညွတ်တည်း ထောက်ခံခဲ့ကြပါတယ်။

အခုနောက်ဆုံး လုပ်ဆောင်ချက်နဲ့ပါဆိုရင် ဂျပန်နိုင်ငံမှာ နျူကလီးယားဓာတ်ပေါင်းဖို ၈ လုံးကို နှစ် ၄၀ ကန့်သတ်ချက်ထက် ကျော်လွန်ပြီး လည်ပတ်ခွင့် ပြုထားပါတယ်။