အမှိုက်တွေချိတ်ထားတဲ့ မိုးပျံပူဖောင်းတွေ တောင်ကိုရီးယားဆီ မြောက်ကိုရီးယား ပို့လွှတ်

မြောက်ကိုရီးယားဟာ အမှိုက်သရိုက်တွေနဲ့တခြားအရာဝတ္ထုတွေ ချိတ်ဆွဲထားတဲ့ မိုးပျံပူဖောင်းအများအပြားကို တောင်ကိုရီးယားနိုင်ငံထဲ ပို့လွှတ်ခဲ့တယ် တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပါတယ်။ တောင်ကိုးရီးယား တက်ကြွလှုပ်ရှားသူတွေက မြောက်ကိုရီးယားဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေပါတဲ့ မိုးပျံပူဖောင်းတွေပို့လွှတ်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်ပုံရပါတယ်။

အင်္ဂါနေ့ညကတည်းက တောင်ကိုရီးယားဘက်ကို ဦးတည်တဲ့ မိုးပျံပူဖောင်းတွေကို မြောက်ကိုရီးယားက ပို့လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ မိုးပျံပူဖောင်းတချို့ကို ဆိုးလ်မြို့နဲ့ မြောက်ကိုရီးယားနယ်စပ်အနီးက ဧရိယာတွေမှာ တွေ့ရှိခဲ့တယ်လို့ သူတို့က ပြောကြားခဲ့ပါတယ်။

ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ ပလတ်စတစ်အိတ်တွေချည်နှောင်တွဲထားတဲ့ မိုးပျံပူဖောင်းတွေနဲ့ ‌မြေပြင်ပေါ်မှာ အမှိုက်တွေ ပြန့်ကျဲနေတာကို တွေ့ရပါတယ်။ အိတ်တွေထဲမှာ အမှိုက်တွေ ရှိနေတယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ အမှိုက်တွေထဲမှာ မြေသြဇာလို့ထင်ရတာတွေလည်း ပါတယ်လို့ ဒေသတွင်း မီဒီယာတွေက ဆိုပါတယ်။

အခုအထိ မိုးပျံပူဖောင်း၂၀၀ လောက်ကို တွေ့ထားတယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့ ဓာတုဗေဒနှင့်ဇီဝဗေဒ စစ်ဆင်ရေးအဖွဲ့အပြင် ပေါက်ကွဲစေတဲ့ စစ်လက်နက်ပစ္စည်းဆိုင်ရာ အဖွဲ့တွေက စိစစ်စစ်ဆေးဖို့ အဲဒီအရာဝတ္ထုပစ္စည်းတွေကို လိုက်လံသိမ်းဆည်းနေပါတယ်။

လေဆိပ်တွေနဲ့ ကားလမ်းတွေ ပျက်စီးနိုင်ခြေအတွက် စိုးရိမ်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပြီး ရိုင်းပြတဲ့လုပ်ရပ်ကို ချက်ခြင်းရပ်ဖို့ မြောက်ကိုရီးယားကို သတိပေးခဲ့ပါတယ်။