Rafah မှာ ထိုးစစ် ချက်ချင်းရပ်ဖို့ ကုလသမဂ္ဂ အကြီးအကဲက အစ္စရေးကို တိုက်တွန်း

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းမှာရှိတဲ့ Rafah မြို့ကို တိုက်ခိုက်မှုတွေချက်ချင်းရပ်ဆိုင်းဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က အစ္စရေးကို တောင်းဆိုလိုက်ပါတယ်။

Caribbean ဒေသမှာရှိတဲ့ Antigua and Barbuda နိုင်ငံမှာ အင်္ဂါနေ့ကပြုလုပ်တဲ့ NHK နဲ့ သီးသန့်တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ မစ္စတာ Guterres က အဲဒီလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက တိုက်ခိုက်မှုနေတဲ့နည်းလမ်းတွေကြောင့် အရပ်သားတွေသေဆုံးတာ‌နဲ့ အခြေခံအဆောက်အအုံ‌နဲ့ အိမ်ရာ ပျက်စီးမှုတွေဟာ သူ့ရာထူးသက်တမ်းတစ်လျှောက် မကြုံစဖူး ဖြစ်ပေါ်နေတယ်လို့ မစ္စတာ Guterres က ပြောကြားခဲ့ပါတယ်။ ထိခိုက်ပျက်စီးမှုအတိုင်းအတာတွေက လက်မခံနိုင်လောက်စရာ ဖြစ်တယ်လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

Rafah မြို့မှာ ထိုးစစ်တွေကို ချက်ချင်းရပ်ဆိုင်းဖို့ မကြာသေးခင်က နိုင်ငံတကာတရားရုံးက အစ္စရေးကို ချမှတ်ခဲ့တဲ့ အမိန့်နဲ့ပတ်သက်ပြီးလည်း မစ္စတာ Guterres က ပြောကြားခဲ့ပါတယ်။

မစ္စတာ Guterres က “သတင်းစကားက ရိုးရိုးရှင်းရှင်းပါပဲ။ နိုင်ငံတကာ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာပါ။ ကျွန်တော်တို့ဟာ ဒီကမ္ဘာကြီးက ဖြစ်တာကြောင့် နိုင်ငံတကာ ဥပဒေ စိုးမိုးရေး၊ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေ စိုးမိုးရေး၊ တရားဥပဒေ စိုးမိုးရေး ကို သေချာပေါက် လုပ်ဆောင်ရမယ်ဆိုတာနဲ့ တရားရုံးတွေ၊ နိုင်ငံတကာတရားရုံးရဲ့ ဆုံးဖြတ်ချက်တွေဟာ ဥပဒေကြောင်းအရ လိုက်နာဆောင်ရွက်ရမှာတွေ ဖြစ်တာကြောင့် လေးစားသမှု ရှိရမယ်" လို့ ဆိုပါတယ်။ “ဒါက ထင်မြင်ချက် မဟုတ်ဘူး။ ဒါက လိုက်နာရမယ့် ဆုံးဖြတ်ချက်ပါ၊ အစ္စရေးက ဒီဆုံးဖြတ်ချက်ကို လိုက်နာရမယ်” ​​လို့ သူက ပြောပါတယ်။