နေငါးတစ်ကောင်က ရေခူတစ်ကောင်ကို မျိုချတာကို ရိုက်ကူးထားတဲ့ ရှားရှားပါးပါး ဗီဒီယို ပျံ့နှံ့နေ

နေငါးတစ်ကောင်က ရေခူတစ်ကောင်ကို မျိုချနေတဲ့ ရှားရှားပါးပါး ဗီဒီယိုတစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပြီး အဲဒီဗီဒီယိုကို ကြည့်ရှုမှုအကြိမ်ရေ သန်းနဲ့ချီ ရှိပြီ ဖြစ်ပါတယ်။

အဲဒီဗီဒီယိုကို ဂျပန်အနောက်ပိုင်း Shimonoseki မြို့က ငါးပြတိုက်မှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အဲဒီဗီဒီယိုကို အရင်က Twitter လို့ ခေါ်တဲ့ X ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ငါးပြတိုက်က တင်ပြီး တစ်ရက်ကျော် ကြာပြီးနောက် ကြည့်ရှုမှုအကြိမ်ရေ ၂.၅ သန်းကျော် ရှိခဲ့ပါတယ်။

NHK ရဲ့ ဝန်ထမ်းတစ်ဦးဟာလည်း အဲဒီဖြစ်ရပ်အတွက် မှတ်တမ်းရယူနိုင်ခဲ့ပါတယ်။

ရေကန်ထဲ ထည့်ထားစဉ်အတွင်း နေငါးတွေအနေနဲ့ ရေခူကို အကောင်လိုက် မျိုချတာဟာ မြင်ရခဲတယ်လို့ Kaikyokan ငါးပြတိုက်ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေခူတွေဟာ ပင်လယ်ရေထဲမှာ နေတဲ့ နေငါးတွေရဲ့ ပုံမှန်အစားအစာတစ်မျိုး ဖြစ်တယ်လို့ ယူဆရပါတယ်။

အဲဒီဗီဒီိယိုဟာ နေငါးက ရေခူကို အကောင်လိုက် မျိုချတာကို ရိုက်ကူးထားတဲ့ ပထမဆုံးဗီဒီယိုဖြစ်တယ်လို့ ပညာရှင်တစ်ဦးက ပြောကြောင်း ပြတိုက်တာဝန်ရှိသူတွေက ဆိုပါတယ်။ ပြတိုက်ဝန်ထမ်းတွေအနေနဲ့ အဲဒီဗီဒီယိုနဲ့ ပတ်သက်ပြီး စာတမ်းရေးဖို့ အဲဒီပညာရှင်က အကြံပြုခဲ့တယ်လို့ သိရပါတယ်။

အဲဒီငါးပြတိုက်မှာ နေငါးတွေကို ကြည့်ရှုစောင့်ရှောက်တဲ့ Miyazawa Moe က ချစ်စရာကောင်းတဲ့ နေငါးတွေ အစာစားတာကို လူအများအပြား လာရောက်ကြည့်ရှုလိမ့်မယ်လို့ သူ မျှော်လင့်ကြောင်း ပြောပါတယ်။