ရုရှားမှာ ယူကရိန်းရဲ့ တိုက်ခိုက်မှုတချို့ကို ခွင့်ပြုသင့်တယ်လို့ ပြင်သစ်သမ္မတ ပြော

ယူကရိန်းကို တိုက်ခိုက်ဖို့အတွက် အသုံးပြုနေတဲ့ ရုရှားနိုင်ငံအတွင်းက စစ်စခန်းတွေကို "ပျက်ပြယ်စေဖို့အတွက်" ယူကရိန်းကို အနောက်နိုင်ငံတွေက ထောက်ပံ့ပေးတဲ့ လက်နက်တွေကို အသုံးပြုခွင့်ပေးရမယ်လို့ ပြင်သစ်သမ္မတ Emmanuel Macron က ပြောကြားလိုက်ပါတယ်။

မစ္စတာ Macro ဟာ အင်္ဂါနေ့က ဂျာမနီမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။

ရုရှားက ယူကရိန်းအရှေ့ပိုင်းမှာ ထိုးစစ်ကို အရှိန်မြှင့်တင်နေပြီး အနောက်နိုင်ငံတွေက ထောက်ပံ့ပေးတဲ့ လက်နက်တွေ အသုံးပြုခြင်းနဲ့ ဆိုင်တဲ့ ကန့်သတ်ချက်တချို့ကို ဖယ်ရှားပေးဖို့ တောင်းဆိုမှုတွေ များပြားလာနေတဲ့အကြား မစ္စတာ Macron ရဲ့ မှတ်ချက် ထွက်ပေါ်လာတာပါ။

ယူကရိန်းကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ အသုံးမပြုတဲ့ ရုရှားစစ်စခန်းတွေကို တိုက်ခိုက်ရာမှာ အနောက်နိုင်ငံတွေရဲ့ လက်နက် အသုံးပြုတာကိုတော့ သူဆန့်ကျင်ကြောင်း မစ္စတာ Macron က ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးရေး တခြားနိုင်ငံတွေကို တွန်းအားပေးဖို့ သူ စီစဉ်နေတယ်လို့ သိရပါတယ်။

ပြင်သစ်ဟာ ယူကရိန်းတိုက်ခိုက်ရေးသမားတွေကို လေ့ကျင့်သင်ကြားပေးဖို့အတွက် ဝန်ထမ်းတွေ စေလွှတ်ရေး စီစဉ်နေတယ်ဆိုတဲ့ အစီရင်ခံချက်တွေနဲ့ ပတ်သက်ပြီး မစ္စတာ Macron က အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။ တနင်္လာနေ့မှာ ယူကရိန်း စစ်ဦးစီးချုပ် Oleksandr Syrskyi က ပြင်သစ်ဟာ ယူကရိန်းဆီ စစ်သင်တန်းပို့ချတဲ့ ဝန်ထမ်းတွေ စေလွှတ်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။