စစ်ထောက်လှမ်းရေး ဂြိုလ်တုလွှတ်တင်မှု မအောင်မြင်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ဝန်ခံ

တနင်္လာနေ့က မြောက်ကိုရီးယားရဲ့ စတုတ္ထမြောက် စစ်ဘက်ဆိုင်ရာထောက်လှမ်းရေး ဂြိုလ်တုလွှတ်တင်မှု မအောင်မြင်ခဲ့ဘူးလို့ ခေါင်းဆောင် Kim Jong Un က ပထမဆုံးအကြိမ် ဝန်ခံပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီရဲ့ ဗုဒ္ဓဟူးနေ့ထုတ် Rodong Sinmun ရိုဒေါင်စင်းမွန်း သတင်းစာမှာ မစ္စတာ Kim ဟာ အင်္ဂါနေ့က ကာကွယ်ရေးသိပ္ပံအကယ်ဒမီမှာ မိန့်ခွန်းပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအကယ်ဒမီမှာ စစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တု‌တွေ တီထွင်ထုတ်လုပ်ပါတယ်။

စစ်ထောက်လှမ်းရေးဂြိုလ်တုကို တင်ဆောင်ထားတဲ့ ဒုံးပျံဟာ လေထဲမှာ ပေါက်ကွဲသွားခဲ့တယ်လို့ မစ္စတာ Kim က မှတ်ချက်ပြု ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ပထမအဆင့် အင်ဂျင်မှာ မူမမှန်မှုတွေ ဖြစ်ပေါ်လာတာကြောင့် မိမိဘာသာဖျက်ဆီးတဲ့စနစ်က အလုပ်လုပ်ဆောင်ခဲ့တယ် လို့ သူက‌ ပြောပါတယ်။

မြောက်ကိုရီးယားဟာ အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ ရန်စတဲ့လုပ်ရပ်တွေကို တန်ပြန်ရမှာဖြစ်တာကြောင့် မြောက်ကိုရီးယားရဲ့စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဂြိုဟ်တုတွေပိုင်ဆိုင်မှုဟာ တရားမျှတမှုရှိတယ်လို့ မစ္စတာ Kim က ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ကာကွယ်ရေးနဲ့ဟန့်တားရေး စွမ်းရည်တွေ ပိုပြီးအားကောင်း ခိုင်မာလာစေဖို့နဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာ‌အပေါ် ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ ဂြိုဟ်တုတွေ လိုအပ်နေ‌တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့က ပစ်လွှတ်မှုမှာ လိုချင်တဲ့ ရလဒ်ကို မရရှိခဲ့ပေမဲ့ ဒီမအောင်မြင်မှုကြောင့် မြောက်ကိုရီးယားဟာ စိုးရိမ်ပူပန်နေမှာမဟုတ်ဘူးလို့ သူက ဆက်ပြောခဲ့ပါတယ်။ သူ့နိုင်ငံဟာ ဒါထက် ပိုမိုကြိုးပမ်းမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သူက ‌ပြောကြားခဲ့ပါတယ်။