စက်ရုပ်ခွေးတွေ၊ AI တပ်ဆင်ထားတဲ့ ဒရုန်းတွေပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှု တရုတ်နိုင်ငံပိုင်ရုပ်သံဌာန ထုတ်လွှင့်

စက်ရုပ်ခွေးတွေနဲ့ လူလုပ်အသိဉာဏ်တပ်ဆင်ထားတဲ့ AI ဒရုန်းတွေပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှု ဗီဒီယိုကို တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ထုတ်လွှင့်ခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မေလ ၁၆ ရက်ကစတင်ပြီး အဲဒီနိုင်ငံမှာ ပြုလုပ်နေတာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် ဗဟိုရုပ်မြင်သံကြား CCTV မှာ ဖော်ပြခဲ့ပါတယ်။

အဝေးထိန်း စက်ရုပ်ခွေးဟာ လမ်းလျှောက်နိုင်၊ ခုန်နိုင်၊ လှဲအိပ်နိုင်ပြီး အချိန်နဲ့တပြေးညီ ထောက်လှမ်းမှုမှတ်တမ်းတွေကို ပေးပို့နိုင်တယ်လို့ CCTV က ဆိုပါတယ်။

၅၀ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ပိုကြီးတဲ့ စက်ရုပ်ခွေးဟာ သေနတ်ကို သူ့နောက်ကျောမှာ တပ်ဆင်ထားပြီး ပစ်ခတ်နိုင်ပါတယ်။ အဲဒီ ဗီဒီယိုဖိုင်ထဲမှာ စက်ရုပ်ခွေးဟာ စစ်သားတွေရှိတဲ့ အဆောက်အဦတစ်ခုထဲသို့ ဦးတည်သွားနေတာကို ပြသထားပါတယ်။

AI တပ်ဆင်ထားတဲ့ ဒရုန်းတွေက ဝေဟင်ကနေ ပစ်ခတ်နေတာကိုလည်း တွေ့ရပါတယ်။

အမေရိကန်စစ်တပ်ဟာ စက်ရုပ်ခွေးတွေနဲ့ AI တပ်ဆင်ထားတဲ့ ဒရုန်းတွေကို တပ်ဖြန့်ထားပါတယ်။

တရုတ်နိုင်ငံဟာ သူ့ရဲစစ်တပ်အားကို နောက်ဆုံးပေါ်နည်းပညာတွေနဲ့ စွမ်းရည်မြှင့်တင်ထားတာကို ပြသနေတာ ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

ဒါပေမဲ့ လူသားတွေရဲ့ဝင်‌ရောက်လုပ်ဆောင်မှု မပါဘဲ ပစ်မှတ်တွေကို ရွေးချယ်တိုက်ခိုက်မယ့် လူသေမှုဖြစ်စေတဲ့ မိမိဘာသာထိန်းချုပ်ပစ်ခတ်တဲ့လက်နက်တွေနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှာ စိုးရိမ်‌မှုတွေ ကြီးမားလာနေပါတယ်။

ဒီလက်နက်တွေကို ကန့်သတ်ဖို့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြပါတယ်။