ကျူးရှူး ၊ ရှိခို့ကု ၊ တိုကိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာမယ်လို့ ခန့်မှန်းရ

ကျူးရှူးတောင်ပိုင်းက ကောင်းကင်မှာရှိတဲ့ လေဖိအားနည်းရပ်ဝန်းထဲကို နွေးပြီး စိုစွတ်တဲ့လေတွေ စီးဝင်တဲ့အတွက် ဂျပန်အနောက်ပိုင်းနဲ့ တခြားဒေသတွေမှာ မိုးသည်းစွာရွာသွန်းနေပါတယ်။

လေဖိအားနည်းရပ်ဝန်းနဲ့အတူပါလာတဲ့ မိုးရွာသွန်းစေတဲ့တိမ်တိုက်ဟာ ဂျပန်ရဲ့ ပစိဖိတ်ကမ်းခြေတစ်လျှောက်ကို ဆက်လက်ရွေ့လျားမယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ခန့်မှန်းထားပါတယ်။

ဒေသအလိုက် မိုးသည်းထန်တာနဲ့ မိုးကြိုးမုန်တိုင်းတွေဟာ အင်္ဂါနေ့မှာ အိုကီနာဝါ၊ အာမာမိ နဲ့ ဂျပန်နိုင်ငံအနောက်ပိုင်း၊ ဗုဒ္ဓဟူးနေ့အထိမှာ တိုးဟိုးကု နဲ့ ဂျပန်အရှေ့ပိုင်းမှာ ဖြစ်ပွားနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

မိုးလေဝသခန့်မှန်းသူတွေက မိုးသည်းထန်စွာရွာမယ့် တိမ်စိုင်ထုကြီးတွေဟာ အိုင်းချိ ၊ ဂီဖု ၊ ရှီဇုအိုကာ့ ခရိုင်တွေမှာ အင်္ဂါနေ့ညနေနှောင်းပိုင်းအထိ ဖြစ်ထွန်းလိမ့်မယ်လို့ ပြောပါတယ်။

ဒီလိုမျိုး မိုးရွာသွန်းတဲ့ပုံစံက အချိန်တိုအတွင်းမှာ သဘာဝဘေးအန္တရာယ်ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

မိုးလေဝသအရာရှိတွေက မြေပြိုတာ၊ မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးတာ၊ မြစ်ချောင်းတွေ ရေလျှံတာ၊ မိုးကြိုးပစ်တာ၊ လေဆင်နှာမောင်းတိုက်တာ၊ လေပြင်းတိုက်တာနဲ့ မိုးသီးကြွေတာတွေကို သတိထားဖို့ တိုက်တွန်းနေပါတယ်။

ဒီအတောအတွင်း အင်အားပြင်းတိုင်ဖွန်း Ewiniar ဟာ ဖိလစ်ပိုင်အရှေ့ဘက်ပင်လယ်ပြင်ပေါ်ကနေ အရှေ့မြောက်ဘက်ဆီ ဦးတည်ရွေ့လျားနေပြီး အရှိန်အဟုန် တိုးလာနေပါတယ်။

အဲဒီမုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းကနေညနေပိုင်းအတွင်း Daitojima ဒေသကို ချဉ်းကပ်လာမယ်လို့ တွက်ဆထားပါတယ်။ လေပြင်းတိုက်ခတ်တာနဲ့ ပင်လယ်ပြင်လှိုင်းကြမ်းတာတွေကိုသတိထားဖို့ အကြံပြုထားပါတယ်။