ထိုင်ဝမ်နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်အကြီးတန်းသံတမန်တွေက သူတို့ရဲ့ ရပ်တည်ချက်ကို အခိုင်အမာ ပြောကြား

ထိုင်ဝမ်နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်အကြီးတန်းသံတမန်တွေက သူတို့ရဲ့ ရပ်တည်ချက်ကို အခိုင်အမာ ပြောကြားခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူးနဲ့ တရုတ်နဲ့ ထိုင်ဝမ်ဆိုင်ရာ ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Mark Lambert ဟာ မေလ ၂၃ ရက်နေ့က တရုတ်ရဲ့ နယ်နိမိတ်နဲ့ သမုဒ္ဒရာရေးရာ ညွှန်ကြားရေးမှူးချုပ် Hong Liang နဲ့ တွေ့ဆုံခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထိုင်ဝမ်အနီး တရုတ်က စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေတဲ့အကြား "တရုတ်တစ်နိုင်ငံတည်း" ဆိုတဲ့ မူကို အသိအမှတ်မပြုတဲ့ ထိုင်ဝမ်သမ္မတ Lai Ching-te က မေလ ၂၀ ရက်နေ့မှာ ရာထူးဆက်ခံခဲ့ပြီးနောက် အဲဒီသံတမန်နှစ်ဦး တွေ့ဆုံခဲ့တာပါ။

အမေရိကန်ဟာ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့က အရေးကြီးကြောင်း ထပ်မံအတည်ပြုခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားနဲ့ ထိုင်ဝမ်တစ်ဝိုက်မှာ တရုတ်ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေနဲ့ ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်တယ်လို့ အဲဒီကြေညာချက်က ဆိုပါတယ်။

"တရုတ်တစ်နိုင်ငံတည်း" ဆိုတဲ့ မူဟာ နှစ်နိုင်ငံဆက်ဆံရေးရဲ့ နိုင်ငံရေးအခြေခံအုတ်မြစ်ဖြစ်တယ်လို့ တရုတ်ဘက်က အလေးအနက် ပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

အမေရိကန်အနေနဲ့ "ထိုင်ဝမ်လွတ်လပ်ရေး" အတွက် ကြိုးပမ်းနေတဲ့ ခွဲထွက်ရေးအုပ်စုတွေကို ထောက်ခံအားပေးတာ၊ အသိအမှတ်ပြုတာတွေကို ချက်ချင်းရပ်တန့်သင့်တယ်လို့လည်း အဲဒီဝန်ကြီးဌာနက ဆိုပါတယ်။