ဆင့်ပွားဖန်တီးနိုင်စွမ်းရှိတဲ့ AI သုံးပြီး ကွန်ပျူတာဗိုင်းရပ်စ်ဖန်တီးတဲ့ အမျိုးသားကို ဂျပန်ရဲတပ်ဖွဲ့ ဖမ်းဆီး

ဆင့်ပွားဖန်တီးနိုင်စွမ်းရှိတဲ့ လူလုပ်အသိဉာဏ် (AI) ရဲ့ အကူအညီနဲ့ ကွန်ပျူတာဗိုင်းရပ်စ် ဖန်တီးတယ်ဆိုတဲ့ သံသယနဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို တိုကျိုရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအမှုဟာ ဂျပန်မှာ အဲဒီ AI စနစ်ကို သုံးပြီး ဗိုင်းရပ်စ်ဖန်တီးတဲ့ ပထမဆုံးအမှုဖြစ်တယ်လို့ ယူဆရပါတယ်။

တိုကျိုတောင်ဘက်မှာ ရှိတဲ့ Kawasaki မြို့က Hayashi Ryuki ဟာ သူတစ်ပါးရဲ့ အချက်အလက်တွေ ရယူပြီး ငွေညှစ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကို ဖန်တီးဖို့အတွက် AI ကို သုံးခဲ့တယ်ဆိုတဲ့ သံသယနဲ့ တနင်္လာနေ့မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီဗိုင်းရပ်စ်ဟာ ပစ်မှတ်ထားခြင်းခံရတဲ့ ကွန်ပျူတာစနစ်တွေက အချက်အလက်တွေကို လျှို့ဝှက်ကုဒ်နံပါတ်တွေအဖြစ် ပြောင်းလဲပြီး အချက်အလက်တွေ ပြန်ရလိုပါက ဒီဂျစ်တယ်ငွေကြေးနဲ့ ပေးချေဖို့ တောင်းဆိုတဲ့ ကွန်ပျူတာပရိုဂရမ်တွေ ပါဝင်ကြောင်း သိရပါတယ်။

Hayashi ဟာ IT ပညာကျွမ်းကျင်သူ မဟုတ်ဘူးလို့ ယူဆရပါတယ်။ သူဟာ ပြီးခဲ့တဲ့ မတ်လက အွန်လိုင်းပေါ်မှာ AI ဆီ စာပို့ပြီး အချက်အလက်တွေ ရှာဖွေနိုင်တဲ့ စနစ်တချို့ကို အသုံးပြုပြီး malware တွေအကြောင်း အကြိမ်ကြိမ် မေးမြန်းခဲ့ပါတယ်။

Hayashi က အဲဒီစွပ်စွဲချက်တွေကို ဝန်ခံခဲ့ပြီး သူ့အနေနဲ့ ငွေရှာလိုခဲ့ကြောင်း၊ AI ကို မေးမြန်းခြင်းအားဖြင့် ဘာမဆိုလုပ်နိုင်လိမ့်မယ်လို့ ထင်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအရာရှိတွေကို ပြောခဲ့တယ်လို့ သိရပါတယ်။

အဲဒီဗိုင်းရပ်စ်ကြောင့် ထိခိုက်ပျက်စီးမှု ရှိတယ်ဆိုတဲ့ အစီရင်ခံချက် မရှိသေးဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

တရားမ၀င်တဲ့ လုပ်ရပ်တွေအတွက် AI ကို အသုံးပြုခြင်းဟာ ကမ္ဘာတစ်ဝန်း စိုးရိမ်ရတဲ့ ကိစ္စရပ်တစ်ခု ဖြစ်လာနေပါတယ်။ အဲဒီလို ကိစ္စတွေကို ဘယ်လို ထိန်းချုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး ဂျပန်မှာ ဆွေးနွေးမှုတွေ စတင်နေချိန်မှာ အဲဒီအမှုထွက်ပေါ်လာတာပါ။