အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် Rafah မြို့မှာ အနည်းဆုံး လူ ၄၅ ဦး သေဆုံး

တနင်္ဂနွေနေ့က Rafah မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၄၅ ဦး သေဆုံးခဲ့တယ်လို့ ဂါဇာရှိ ကျန်းမာရေးဆိုင်ရာအရာရှိတွေက ပြောပါတယ်။ NHK က ရိုက်ယူထားတဲ့ ဗီဒီယိုမှာ လုံးဝပျက်စီးသွားတဲ့ ရွက်ဖျင်တဲတွေကို မြင်တွေ့ရပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အရပ်သားသေဆုံးမှုတွေ ဆက်လက်မြင့်တက်နေတဲ့အတွက် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ များပြားလာနေပါတယ်။

Rafah မှာ အစ္စရေးရဲ့ ထိုးစစ်ကို အမြန်ဆုံးရပ်ဖို့ နိုင်ငံတကာတရားရုံးက ယာယီအစီအမံတွေ ထုတ်ပြန်ခဲ့ပြီးနောက် အစ္စရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှု ဖြစ်လာတာပါ။

NHK ရဲ့ ဂါဇာရုံးက ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ ဒေသခံတွေဟာ မီးလောင်ထားတဲ့ အပျက်အစီးတွေထဲက စည်သွပ်ဗူးတွေကို ကောက်ယူနေတာကိုလည်း တွေ့ရပါတယ်။

အဲဒီအနားတဝိုက်မှာ နေထိုင်တဲ့အမျိုးသားတစ်ဦးက မြေပြင်ပေါ်မှာ လဲနေတဲ့သူတွေကို တွေ့ခဲ့ရတယ်ဆိုတာကို ပြောဆိုခဲ့ပြီး အဲဒီလူတွေဟာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ ဟားမတ်စ် အကြီးတန်း အဖွဲ့ဝင်နှစ်ဦးကို ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ အစ္စရေး စစ်တပ်က အခိုင်အမာ ပြောပါတယ်။ အရပ်သားသေဆုံးမှုအန္တရာယ်ကို လျှော့ချဖို့ အဆင့်များစွာ လုပ်ဆောင်ခဲ့တယ်လို့ ဖြည့်စွက်ပြောဆိုပါတယ်။

တိုက်ခိုက်မှုအပြီး အရပ်သားတွေ အသက်ဆုံးရှုံးခဲ့ပုံရတဲ့မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ကနဦးအစီရင်ခံချက်တွေက ပြသနေတယ်လို့ အစ္စရေးအစိုးရက ပြောပါတယ်။

အရပ်သား အသေအပျောက်တွေအတွက် ဝမ်းနည်းဖွယ်ဖြစ်တယ်။ "ဒါပေမဲ့ ဒီစစ်ပွဲဟာ ဟားမတ်စ်တို့က အလိုရှိတာ ၊ စတင်ခဲ့တာ ဖြစ်တယ်" လို့လည်း အစ္စရေးအစိုးရက ပြောခဲ့ပါတယ်။