မြောက်ကိုရီးယားရဲ့ ဂြိုဟ်တုလွှတ်တင်မှု မအောင်မြင်ခဲ့ပြီးနောက် ဂျပန်အစိုးရနိုးနိုးကြားကြားရှိ

မြောက်ကိုရီးယားက ဂြိုဟ်တုတစ်လုံး လွှတ်တင်နိုင်ခြေရှိတဲ့အတွက် ဂျပန်အစိုးရဟာ တပ်လှန့်နိုးကြားမှု ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်။

ဂြိုဟ်တုတင်ဆောင်ထားတဲ့ဒုံးကျည် ပထမအဆင့်ပျံသန်းမှုမှာ ပေါက်ကွဲခဲ့တဲ့အတွက် စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်ဖို့ သူ့ရဲ့ တနင်္လာနေ့က လတ်တလောနောက်ဆုံးကြိုးပမ်းမှုဟာ မအောင်မြင်ခဲ့ဘူးလို့ မြောက်ကိုရီးယားက ပြောပါတယ်။

ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Hayashi Yoshimasa က အဲဒီပစ်လွှတ်မှုကို အပြစ်တင်ခဲ့ပါတယ်။ "ဒုံးကျည်အကြိမ်ကြိမ်ပစ်လွှတ်တာအပါအဝင် မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေဟာ ကျွန်တော်တို့ နိုင်ငံ၊ ဒေသတွင်းနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်" လို့ သူက ပြောပါတယ်။

နောက်ထပ်ရန်လိုတဲ့လုပ်ရပ်တွေအတွက် ကြိုတင်ပြင်ဆင်မှုတွေဆက်လုပ်ဖို့ ဂျပန်အစိုးရက စီစဉ်ထားပါတယ်။ အဲဒီ အစီအမံတွေထဲမှာ အိုကီနာဝါခရိုင်ရှိ Sakishima ကျွန်းစုမှာ PAC-3 ကြားဖြတ်ဒုံးကျည်တပ်ဖွဲ့တွေ ဆက်လက်ချထားရေး ပါဝင်ပါတယ်။