ဂြိုဟ်တုလွှတ်တင်ဖို့ နောက်ဆုံးကြိုးပမ်းမှု မအောင်မြင်ဘူးလို့ မြောက်ကိုရီးယား ပြော

မြောက်ကိုရီးယားက ဂြိုဟ်တုတင်ဆောင်လာတဲ့ ဒုံးပျံဟာ ဝေဟင်မှာ ပေါက်ကွဲခဲ့ပြီးတဲ့နောက် တနင်္လာနေ့မှာ သူ့ရဲ့ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဂြိုဟ်တုပစ်လွှတ်ရေး လတ်တလောနောက်ဆုံးကြိုးပမ်းမှု မအောင်မြင်ခဲ့ဘူးလို့ ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ အာကာသနည်းပညာ စီမံခန့်ခွဲရေးအဖွဲ့ဟာ နိုင်ငံပိုင် ကိုရီးယားဗဟိုသတင်းအေဂျင်စီကတဆင့် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရဲ့ အနောက်မြောက်ဘက်ရှိ Sohae လွှတ်တင်ရေးစခန်းက ပစ်လွှတ်ခဲ့ပြီးနောက် ပျံသန်းမှု ပထမအဆင့်မှာ ဒုံးပျံပေါက်ကွဲသွားတယ်လို့ ဆိုပါတယ်။

အဲဒီအာကာသအေဂျင်စီက ပဏာမကောက်ချက်အနေနဲ့ ဒီမတော်တဆမှုဟာ အသစ်တီထွင်ထားတဲ့အင်ဂျင်ရဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာအားကိုးအားထားနိုင်မှုကြောင့်လို့ ယူဆနိုင်တဲ့အကြောင်း ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ နယ်စပ်အနီး တရုတ်နိုင်ငံဘက်အခြမ်းမှာရှိတဲ့ NHK ကင်မရာတစ်လုံးက ရိုက်ယူထားတဲ့ ဗီဒီယိုပုံရိပ်မှာ တနင်္လာနေ့ညက Sohae ပစ်လွှတ်ရေးစခန်းအနီးကနေ ကောင်းကင်ယံသို့ တောက်ပတဲ့ အစက်ကလေး တက်လာတာကို တွေ့ရပါတယ်။ နောက်ပိုင်းမှာ လိမ္မော်ရောင်မီးတောက်တွေ တောက်လောင်လာတာကို မြင်တွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလက ပစ်လွှတ်မှုနောက်ပိုင်း အခုတစ်ကြိမ်ဟာ စစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တုတစ်လုံးလွှတ်တင်ဖို့ မြောက်ကိုရီးယားရဲ့ စတုတ္ထမြောက် ကြိုးပမ်းမှုဖြစ်ပါတယ်။