ကပ်ရောဂါဆိုင်ရာ သဘောတူညီချက်နဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိနေတဲ့အကြား WHO ရဲ့ နှစ်ပတ်လည်အစည်းအဝေး စတင်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ဆွစ်ဇာလန်မှာ ပြုလုပ်တဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ ကမ္ဘာလုံးဆိုင်ရာ ဆေးဝါးနဲ့ ကျန်းမာရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးနေပါတယ်။

အဲဒီအစည်းအဝေးကို တနင်္လာနေ့က ဂျနီဗာမြို့မှာ စတင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၄ နိုင်ငံက အရာရှိတွေ တက်ရောက်ခဲ့ပါတယ်။

အဓိကဆွေးနွေးတဲ့ အကြောင်းအရာတွေထဲက တစ်ခုကတော့ နိုင်ငံတကာကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ပြုပြင်ပြောင်းလဲဖို့ ဖြစ်ပြီး အဲဒီအထဲမှာ နိုင်ငံရပ်ခြားကို ပျံ့နှံ့သွားနိုင်တဲ့ အရေးပေါ်အခြေအနေတွေကို ကိုင်တွယ်ရေး နိုင်ငံတကာရဲ့ တာဝန်ဝတ္တရားတွေကို သတ်မှတ်ပေးတဲ့ မူဘောင် ပါဝင်ပါတယ်။

အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ကပ်ရောဂါအတွက် ပြင်ဆင်မှုတွေ အားကောင်းလာစေရေး ရည်ရွယ်တဲ့ ကပ်ရောဂါဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို အဲဒီအစည်းအဝေးနောက်ပိုင်း အတည်ပြုနိုင်မလားဆိုတာကိုလည်း အာရုံစိုက်ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 ကပ်ရောဂါကို တိုက်ဖျက်နေတဲ့ နိုင်ငံတွေရဲ့ သဘောထားကွဲလွဲမှုကို ထည့်သွင်းစဉ်းစားရင်း ကပ်ရောဂါဆိုင်ရာ သဘောတူညီချက်တစ်ရပ် ချုပ်ဆိုဖို့အတွက် အကြံဉာဏ်ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အဆိုပြုထားတဲ့ အဲဒီသဘောတူညီချက်ထဲမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကူညီထောက်ပံ့ရေးစီမံချက်တွေ ပါဝင်ပါတယ်။

စေ့စပ်ညှိနှိုင်းသူတွေဟာ WHO ရဲ့ အဲဒီအစည်းအဝေးမတိုင်မီ ကပ်ရောဂါဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရရှိဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ နှစ်နှစ်ကြာ စေ့စပ်ညှိနှိုင်းပြီးနောက် ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေဟာ ကာကွယ်ဆေးဖြန့်ချိရေးနဲ့ တခြား ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲနေခဲ့တာကြောင့် သဘောတူညီချက်ရရှိဖို့ မအောင်မြင်ခဲ့ပါဘူး။