Rafah ထိုးစစ်ကိုရပ်ဖို့ ICJ အမိန့်ကို လေးစားလိုက်နာဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးကို တိုက်တွန်း

ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ Rafah မှာ စစ်ဆင်ရေးတွေကို ရပ်တန့်ဖို့ နိုင်ငံတကာတရားရုံးအမိန့်ကိုလိုက်နာဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Kamikawa Yoko က အစ္စရေးကို တိုက်တွန်းလိုက်ပါတယ်။

မီးစ် Kamikawa ဟာ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Israel Katz နဲ့ တနင်္လာနေ့က တယ်လီဖုန်းကနေတဆင့် စကားပြောဆိုခဲ့ပါတယ်။

Rafah မှာ စစ်ရေးထိုးစစ်ကို အမြန်ဆုံးရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီအတွက် Rafah နယ်စပ်ဖြတ်ကျော်ဂိတ်ကို ဆက်လက်ဖွင့်ထားဖို့ ICJ က ယာယီအစီအမံတွေ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေးစစ်တပ်က ဆက်လက်ထိုးစစ်ဆင်နေပါတယ်။

ဂျပန်အစိုးရဟာ ဂါဇာက ဆိုးရွားနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေကို အလွန်စိုးရိမ်ပူပန်နေပြီး Rafah မှာ အင်အားပြည့်စစ်ဆင်မှုကို ဆန့်ကျင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Kamikawa က ပြောပါတယ်။

ICJ ရဲ့ အမိန့်ဟာ အငြင်းပွားမှုတွေမှာ ပါ၀င်ပတ်သက်သူတွေအနေနဲ့ ဥပဒေကြောင်းအရ မလိုက်နာမနေရဖြစ်ပြီး လက်တွေ့အကောင်အထည်ဖော်သင့်တယ်လို့ သူက ဆိုပါတယ်။

ဝန်ကြီး Katz က သူ့နိုင်ငံရဲ့ ရပ်တည်ချက်ကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီးတွေဟာ သူတို့နိုင်ငံတွေအကြား အဆက်အသွယ်တွေကို ဆက်လက်ထိန်းသိမ်းထားဖို့ သဘောတူညီခဲ့ကြပါတယ်။