ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား ထိပ်သီးအစည်းအဝေး ပူးတွဲကြေငြာချက်

ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယား ခေါင်းဆောင်တွေဟာ ကိုရီးယားကျွန်းဆွယ်အရေးကို နိုင်ငံရေးအရပြေလည်ဖို့ အပြုသဘောဆောင်တဲ့ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်မယ်လို့ ကတိပြုထားတဲ့ ပူးတွဲကြေငြာချက်တစ်ရပ်ကို အတည်ပြုခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Kishida Fumio၊ တရုတ်ဝန်ကြီးချုပ် Li Qiang နဲ့ တောင်ကိုရီးယားသမ္မတ Yoon Suk-yeol တို့အကြား သုံးနိုင်ငံထိပ်သီးဆွေးနွေးပွဲကို တနင်္လာနေ့က ဆိုးလ်မြို့မှာ ကျင်းပခဲ့ပါတယ်။

ခေါင်းဆောင်တွေက ကုလသမဂ္ဂပဋိညာဉ်စာတမ်းရဲ့ ရည်ရွယ်ချက်တွေ၊ အခြေခံမူတွေ၊ တရားဥပဒေစိုးမိုးရေးနဲ့နိုင်ငံတကာဥပဒေတို့အပေါ်အခြေခံတဲ့ နိုင်ငံတကာစည်းမျဉ်းတစ်ရပ်အတွက် သူတို့ရဲ့ ကတိကဝတ်တွေကို ထပ်မံအတည်ပြုတယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

သုံးနိုင်ငံ ထိပ်သီးအစည်းအဝေးနဲ့ သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးကို ရပ်တန့်ပြတ်တောက်မှုမရှိဘဲ ပုံမှန်ကျင်းပဖို့ လိုအပ်တယ်ဆိုတာ ခေါင်းဆောင်တွေက ထပ်လောင်းအတည်ပြုခဲ့တယ်လို့ ကြေငြာချက်မှာ ဆိုထားပါတယ်။

ခေါင်းဆောင်တွေဟာ အဓိကကျတဲ့ နယ်ပယ်ခြောက်ခုကို ဗဟိုပြုပြီး အပြန်အလှန်အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု စီမံချက်တွေကို သတ်မှတ်အကောင်အထည်ဖော်ဖို့ ကတိပြုခဲ့ကြပါတယ်။ အဲဒီနယ်ပယ်တွေကတော့ ပြည်သူတွေအချင်းချင်း ကူးလူးဖလှယ်မှု၊ ရာသီဥတုဖောက်ပြန်မှု တုံ့ပြန်မှုမှတဆင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ကုန်သွယ်ရေး၊ ပြည်သူ့ကျန်းမာရေးနဲ့ သက်ကြီးရွယ်အိုလူ့အဖွဲ့အစည်း၊ သိပ္ပံနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်မှု၊ ဒစ်ဂျစ်တယ်အသွင်ပြောင်းမှု၊ ဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် ဘေးကင်းရေးတို့ ဖြစ်ပါတယ်။

ခေါင်းဆောင်တွေဟာ ၂၀၂၅ ခုနှစ်ကနေ၂၀၂၆ ခုနှစ်အထိကို ယဉ်ကျေးမှုဖလှယ်နှစ်အဖြစ် သတ်မှတ်မှာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာ ခရီးသွားလာရေးလုပ်ငန်းနဲ့ တခြားနည်းလမ်းတွေကတဆင့်သုံးနိုင်ငံအကြား အပြန်အလှန်ဖလှယ်မှု အရေအတွက်ကို လူသန်း ၄၀ အထိ တိုးမြှင့်ဖို့ ကြိုးပမ်းမယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

လွတ်လပ်၍တရားမျှတပြီး၊ ပြီးပြည့်စုံကာ အရည်အသွေးမြင့်မားပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ FTA ကို ကိုယ်ပိုင်တန်ဖိုးနဲ့ အကောင်အထည်ဖော်ဖို့ ရည်ရွယ်တဲ့ သုံးနိုင်ငံအနေနဲ့ လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းမှုတွေကို အရှိန်မြှင့်ဖို့အတွက် ဆွေးနွေးမှုတွေကို ဆက်လက်ပြုလုပ်သွားရေးကိုလည်း သဘောတူညီခဲ့ကြပါတယ်။

ကိုရီးယားကျွန်းဆွယ်နဲ့ အရှေ့မြောက်အာရှမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးတို့ကို ထိန်းသိမ်းရေးဟာ သူတို့နိုင်ငံတွေရဲ့ ဘုံအကျိုးစီးပွားကို ဖြစ်ထွန်းစေပြီး အဲဒါဟာ သူတို့ရဲ့ ဘုံတာဝန်ဖြစ်တယ်လို့ ခေါင်းဆောင်တွေက ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး၊ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေးနဲ့ ပြန်ပေးဆွဲခံရတဲ့ကိစ္စ အသီးသီးအတွက် ရပ်တည်ချက်တွေကို ထပ်လောင်းပြောကြားထားတယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။