ထိပ်သီးအစည်းအဝေးဟာ သုံးနိုင်ငံ လုပ်ငန်းစဉ်တွေ ပြန်လည်ရှင်သန်လာစေဖို့ အဓိကအခွင့်အလမ်းဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ်ပြော

ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားထိပ်သီးဆွေးနွေးပွဲဟာ သုံးနိုင်ငံလုပ်ငန်းစဉ်တွေ ပြန်လည်ရှင်သန်ရေးခိုင်မာစေဖို့ အရေးကြီးတဲ့အခွင့်အလမ်းဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် Kishida Fumio က ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ် Kishida ဟာ တနင်္လာနေ့က ဆိုးလ်မြို့မှာ သုံးနိုင်ငံဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးနောက် တရုတ်ဝန်ကြီးချုပ် Li Qiang ၊ တောင်ကိုရီးယားသမ္မတ Yoon Suk-yeol တို့နဲ့အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်အတွင်း အဲဒီမှတ်ချက်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂျပန်က သဘာပတိအဖြစ်တာဝန်ယူမယ့် လာမယ့်သုံးနိုင်ငံထိပ်သီးအစည်းအဝေးကို ဦးတည်ပြီး သုံးနိုင်ငံအကြား ဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး မစ္စတာ Kishida က ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာအသိုက်အဝန်းဟာ မတူကွဲပြားမှုတွေ၊ ရှုပ်ထွေးပြီး အပြန်အလှန်ဆက်နွယ်နေတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေကြရပြီး ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားတို့မှာ ကြုံတွေ့နေရသော အဓိကပြဿနာတွေဖြစ်တဲ့ ကလေးမွေးဖွားနှုန်းကျဆင်းမှုနဲ့ သက်ကြီးရွယ်အိုတွေများပြားလာတဲ့ပြဿနာတွေလည်း ရှိနေတယ်လို့ မစ္စတာ Kishida က ပြောပါတယ်။

ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးမှာ နိုင်ငံသုံးနိုင်ငံ ဟာ အဓိကတာဝန်ရှိတယ်လို့ သူက ပြောပါတယ်။ လေးနှစ်ခွဲအတွင်း ပထမဆုံးပြုလုပ်တဲ့ သုံးနိုင်ငံထိပ်သီးအစည်း အဝေးမှာ နယ်ပယ်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ သူတို့ရဲ့ သန္နိဋ္ဌာန်ကို ထပ်မံအတည်ပြုခဲ့တယ်လို့လည်း ပြောပါတယ်။

သုံးနိုင်ငံကြား လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းမှုတွေနဲ့ ပတ်သက်ပြီး လွတ်လပ်၍တရားမျှတတဲ့ နိုင်ငံတကာစီးပွားရေးအစီအစဉ်ကို ထိန်းသိမ်းရေးနဲ့ခိုင်မာစေရေး အရေးကြီးတယ်ဆိုတာကို သူ ထောက်ပြခဲ့တယ်လို့ ဝန်ကြီးချုပ် Kishida ကဆိုပါတယ်။

အဆင့်မြင့်တဲ့စည်းကမ်းချက်တွေအပါအဝင် အနာဂတ်ကို ဦးတည်တဲ့ လွတ်လပ်တဲ့ကုန်သွယ်မှုသဘောတူညီချက်တစ်ရပ်နဲ့ပတ်သက်ပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု နှစ်မျိုးစလုံးမှာ နက်ရှိုင်းတဲ့ဆက်ဆံမှုတွေရှိတဲ့ သုံးနိုင်ငံအကြား ပွင့်လင်းမြင်သာတဲ့ သဘောထားအမြင်တွေ ဖလှယ်နိုင်ဖို့ သူကြိုးပမ်းလိုတယ်လို့ မစ္စတာ Kishida က ပြောပါတယ်။

ဂြိုဟ်တုလို့ ခေါ်တဲ့အရာကို မကြာခင်လွှတ်တင်တော့မယ်ဆိုတဲ့ မြောက်ကိုရီးယားရဲ့ အသိပေးချက်ကိုလည်း မစ္စတာ Kishida မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားက အဲဒီအစီအစဉ်ကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် ဒါဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ရာရောက်တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။ အဲဒီပစ်လွှတ်မှုကို ဖျက်သိမ်းဖို့ ဂျပန်ဟာ မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန် တိုက်တွန်းတယ်ဆိုတာကို တခြားခေါင်းဆောင်နှစ်ဦးကို ပြောဆိုခဲ့တယ်လို့ သူက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားမှာနျူကလီးယားကင်းစင်ရေးနဲ့ ကိုရီးယားကျွန်းဆွယ်တည်ငြိမ်ရေးတို့ဟာ သုံးနိုင်ငံရဲ့ ဘုံအကျိုးစီးပွားဖြစ်တယ်ဆိုတာကို ခေါင်းဆောင်တွေက အတည်ပြုခဲ့တယ်လို့ ဝန်ကြီးချုပ် Kishida က ပြောပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်တွေက မြောက်ကိုရီးယားကို အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ ဂျပန်လူမျိုးတွေရဲ့အရေးကိစ္စ စောစီးစွာဖြေရှင်းနိုင်ရေး အောင်မြင်စေဖို့ ထောက်ခံမှုပေးဖို့ သူတောင်းဆိုခဲ့တယ်လို့ မစ္စတာ Kishida က ပြောပါတယ်။ အဲဒီတောင်းဆိုမှုအပေါ် နားလည်မှု ရရှိခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

၂၀၂၅ ခုနှစ်နဲ့ ၂၀၂၆ ခုနှစ်တို့ကို ယဉ်ကျေးမှုဖလှယ်ရေးနဲ့ ကောလိပ်တွေအကြား ကူးလူးဖလှယ်မှုနဲ့ ခရီးသွားလာရေးမြှင့်တင်တဲ့နှစ်တွေအဖြစ်သတ်မှတ််ဖို့ သုံးနိုင်ငံတို့ သဘောတူညီခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။