တိုကျိုအိုလံပစ်ကျေးရွာဟောင်းကို လူနေရပ်ကွက်အဖြစ် ပြန်လည်ဖွင့်လှစ်

တိုကျိုအိုလံပစ်နဲ့ပါရာလင်းပစ်အားကစားပြိုင်ပွဲအတွက် အသုံးပြုခဲ့တဲ့ အားကစားကျေးရွာဟောင်းကို ကမ်းနားပိုင်း အိမ်ရာရပ်ကွက်တစ်ခုအဖြစ် ဖွင့်ပွဲအထိမ်းအမှတ် အခမ်းအနားကို ကျင်းပလိုက်ပါတယ်။

တိုကျိုမြို့တော် Chuo ရပ်ကွက်က Harumi Flag လို့ အခုခေါ်တဲ့ အိမ်ရာမှာ ကွန်ဒိုမီနီယံ အဆောက်အအုံ ၁၇ ခု နဲ့ လာမယ့်နှစ်မှာ တည်ဆောက်ပြီးစီးမယ့် လူနေအိမ်တာဝါ ၂ ခု ပါဝင်ပါတယ်။ အဲဒီအိမ်ရာဆောက်လုပ်ပြီးစီးပါက အိမ်ခန်းပေါင်း ၅,၆၀၀ ကျော်အပြင် ကျောင်းတွေနဲ့ စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေ ပါဝင်မှာ ဖြစ်ပါတယ်။

အဲဒီအားကစားကျေးရွာရဲ့ အကြီးအကဲအဖြစ် ထမ်းဆောင်ခဲ့တဲ့ Kawabuchi Saburo ဟာ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

မစ္စတာ Kawabuchi က "တိုကျိုအားကစားပြိုင်ပွဲရဲ့ အားကစားသမားတွေအတွက် တစ်ချိန်က တည်ရှိခဲ့တဲ့နေရာဟာ စိမ်းလန်းစိုပြေတဲ့ လူနေရပ်ကွက်တစ်ခုအဖြစ် ပြန်လည်မွေးဖွားလာခဲ့ပါတယ်။ ဒီမြို့ဟာ သမိုင်းဝင်နေရာတစ်ခုလို့ ခင်ဗျားတို့ရဲ့ သားသမီးမြေးမြစ်တွေကို ပြောပြလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ဆိုပါတယ်။

အခုနှစ် နှစ်ဆန်းပိုင်းက စပြီး လူတစ်ချို့ ပြောင်းရွှေ့နေထိုင်နေပြီ ဖြစ်ပါတယ်။

အသက် ၄၀ တန်းအရွယ် အမျိုးသားတစ်ဦးက "ကျယ်ပြန့်တဲ့ မြင်ကွင်းတွေကို ကျွန်တော် ကြိုက်ပါတယ်။ မြို့ပြမှာ တွေ့ရလေ့ရှိတဲ့ အလောသုံးဆယ်ဖြစ်တာနဲ့ ယောက်ယက်ခတ်နေတာတွေ တစ်ခုမှ ဒီမှာ မရှိပါဘူး" လို့ ပြောပါတယ်။

တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့ဟာ Harumi Flag ဒေသကို နေထိုင်သူ ၁၂,၀၀၀ ရှိတဲ့ လူမှုအသိုက်အဝန်းအဖြစ် ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်မှန်းထားပါတယ်။