ဂျပန်အနောက်တောင်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ ခန့်မှန်း

တနင်္လာနေ့ ညကနေ အင်္ဂါနေ့ညအထိ အနောက်တောင်ပိုင်းခရိုင်တွေဖြစ်တဲ့ Kagoshima နဲ့ Miyazaki တို့ရဲ့ ဒေသတစ်ချို့မှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်တဲ့ မိုးတိမ်တောင်တွေရှိနေတာကို ဂျပန်မိုးလေဝသအရာရှိတွေက သတိပေးထားပါတယ်။

အဲဒီတိမ်တိုက်တွေကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေ ရုတ်တရက် များလာနိုင်တဲ့အတွက် သတိရှိကြဖို့ လူတွေကို အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

အထူးသဖြင့် ရှိခိုကုနဲ့ ကျူးရှူးဒေသတွေရဲ့ တချို့နေရာတွေမှာ မိုး ပိုပြင်းထန်လာနေတယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ပြောပါတယ်။ ဒါဟာ ဂျပန်ပင်လယ်ပြင်ပေါ်မှာ ဖြစ်ပေါ်နေတဲ့လေဖိအားနည်းရပ်ဝန်းတစ်ခုထဲကို ပူနွေးစိုစွတ်တဲ့ လေတွေ စီးဝင်လာတာကြောင့်လို့ အဲဒီအေဂျင်စီက ဆိုပါတယ်။

အဲဒီလေဖိအားနည်းရပ်ဝန်း ဖြတ်သွားပြီးတဲ့နောက် တိုင်ဖွန်းမုန်တိုင်းတစ်ခုကလာတဲ့ အလွန်စိုစွတ်တဲ့လေထုနဲ့ လေဖိအားမြင့်မားတဲ့ရပ်ဝန်းရဲ့ အစွန်ကလာတဲ့ နောက်ထပ်ပူနွေးစိုစွတ်တဲ့ လေထုတွေဟာ တခြားလေဆိုင်စုံနဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခုထဲကို စီးဆင်းသွားဖွယ်ရှိတယ်လို့ မိုးလေဝသအေဂျင်စီက ဆိုပါတယ်။

ဒီအခြေအနေကြောင့် ဗုဒ္ဓဟူးနေ့အထိ အနောက်တောင်ပိုင်း ဒေသဖြစ်တဲ့ Okinawa နဲ့ Amami ကနေ နိုင်ငံ့အရှေ့ဘက်ဒေသတွေအထိ လေထု အလွန်မငြိမ်မသက် ဖြစ်နိုင်ပါတယ်။ မိုး အကြီးအကျယ် ရွာသွန်းနိုင်ပြီး ဒေသအလိုက် မိုးကြိုးမုန်တိုင်းတွေ ကျရောက်နိုင်ပါတယ်။

အထူးသဖြင့် Amami ဒေသကလွဲပြီး Miyazaki နဲ့ Kagoshima ဒေသတွေမှာ မိုးတိမ်တိုက်တွေ အစိုင်အဖွဲ့နဲ့ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒီအတောအတွင်း တနင်္ဂနွေနေ့က ဖြစ်ပေါ်လာတဲ့ အခုရာသီရဲ့ ပထမဆုံးတိုင်ဖွန်းမုန်တိုင်း Ewiniar ဟာ အရှေ့မြောက်ဘက်ကို ရွေ့လျားရင်း အားကောင်းလာနေပါတယ်။ အဲဒီမုန်တိုင်းဟာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း Okinawa ဒေသရှိ Daitojima ကျွန်း ကို ချဉ်းကပ်လာမယ်လို့ ခန့်မှန်းရပါတယ်။ လေပြင်းတွေ တိုက်ခတ်တာနဲ့ လှိုင်းကြီးတာတွေကို သတိထားကြဖို့ အကြံပြုထားပါတယ်။