လောင်စာဆီ မလုံလောက်မှုကြောင့် လူနာတွေရဲ့အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဂါဇာဆေးရုံက ပြော

ဂါဇာကမ်းမြှောင်တောင်ပိုင်းရှိ ဆေးရုံတစ်ရုံက တာဝန်ရှိသူတွေဟာ လျှပ်စစ်ဓာတ်အားပေးစက်တွေအတွက် လောင်စာဆီ မရရှိနိုင်ရင် လူနာတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်လာနိုင်တယ်လို့ ပြောလိုက်ပါတယ်။ နယ်စပ်ဖြတ်ကျော်စခန်းတွေ ပိတ်နေတာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေး နှောင့်နှေးမှုတွေကြောင့် လောင်စာဆီတွေ ပြတ်တောက်မှုနဲ့ ကြုံတွေ့နေရပါတယ်။

Khan Younis မှာရှိတဲ့ Nasser ဆေးရုံက တာဝန်ရှိသူတွေဟာ မေလအစောပိုင်းကတည်းက လောင်စာဆီ မရရှိခဲ့ကြောင်း NHK ရဲ့ Gaza ရုံးနဲ့ တခြား ပြည်တွင်းမီဒီယာတွေကို ပြောပါတယ်။

သူတို့ဟာ သိုလှောင်ကန်တစ်ခုထဲမှာ ကျန်နေတဲ့ လောင်စာဆီပမာဏ နည်းနည်းလေးကို ရေပုံးနဲ့ ခပ်ယူပြီး လျှပ်စစ်ဓာတ်အားပေးစက်တွေ လည်ပတ်နိုင်စေဖို့ စီမံလာခဲ့တယ်လို့ ပြောပါတယ်။

မွေးကင်းစကလေးငယ် ၁၂ ဦးကို အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးနေတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ လမစေ့တဲ့ကလေးတွေအတွက် ထားတဲ့ အသက်ရှူစက်တွေ အလုပ်မလုပ်တော့ရင် ကလေးတွေ အသက်အန္တရာယ် ရှိနိုင်တယ်လို့ သူတို့က ပြောပါတယ်။

လောင်စာဆီထောက်ပံ့မှုတွေ မြန်မြန် မရောက်နိုင်ဘူးဆိုရင် ဖျားနာနေသူတွေနဲ့ လမစေ့ဘဲမွေးထားတဲ့ ကလေးငယ်တွေ သေဆုံးမှာဖြစ်ကြောင်း အဲဒီဆေးရုံရဲ့ ဒါရိုက်တာတစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။

ဖေဖော်ဝါရီလတုန်းက အစ္စရေးတပ်တွေက ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေ ပုန်းအောင်းနေတယ်လို့ ဆိုပြီး အဲဒီဆေးရုံကို စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် အောက်ဆီဂျင်မရချိန်မှာ အနည်းဆုံး လူနာ ၈ ဦး သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။