ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲမှာ ပါဝင်ဖို့ အမေရိကန်နဲ့ တရုတ်ခေါင်းဆောင်တွေကို ယူကရိန်းသမ္မတ တောင်းဆို

ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံခေါင်းဆောင်တွေကို "စစ်မှန်တဲ့ ငြိမ်းချမ်းရေး" ကို ယူဆောင်ပေးမယ့် သူတို့ရဲ့ခေါင်းဆောင်မှုကို ပြသဖို့ ပြောရင်း လာမယ့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ဖို့ တောင်းဆိုလိုက်ပါတယ်။

မစ္စတာ Zelenskyy ဟာ နောက်လအတွင်း ဆွစ်ဇာလန်နိုင်ငံမှာကျင်းပမယ့် တွေ့ဆုံဆွေးနွေးပွဲမှာ သူ အဆိုပြုထားတဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ အဲဒီထိပ်သီးဆွေးနွေးပွဲကို နိုင်ငံပေါင်း ၈၀ ကျော် တက်ရောက်လိမ့်မယ်လို့ သူက ဆိုပါတယ်။

အဲဒီထိပ်သီးအစည်းအဝေးရဲ့ ကမ္ဘာတဝန်း ကြိုးပမ်းအားထုတ်မှုတွေကို မသက်ဆိုင်သလို နေနေသေးတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို မေတ္တာရပ်ခံလိုကြောင်း မစ္စတာ Zelenskyy က ဆိုပါတယ်။

အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့ကို ဦးတည်ပြီး "ငြိမ်းချမ်းရေးကို မြှင့်တင်ရာမှာ တိုက်ပွဲတွေအကြား ခဏ အပစ်အခတ်ရပ်စဲထားတာမျိုးမဟုတ်ဘဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေး "ကို ရရှိဖို့ သူတို့ရဲ့ ခေါင်းဆောင်မှုကို ပြသရေး သူက တောင်းဆိုခဲ့ပါတယ်။

ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းသမ္မတ ဆွေးနွေးလိုတဲ့ အကြောင်းအရာတွေထဲမှာ ရုရှားနဲ့ အကျဉ်းသားတွေ လဲလှယ်ရေး၊ စွမ်းအင်နဲ့နျူကလီးယား လုံခြုံရေး၊ ရုရှားကို ခေါ်ဆောင်သွားတဲ့ ကလေးငယ်တွေ ပြန်ပို့ပေးရေးတို့ ပါဝင်ပါတယ်။

ရုရှားဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ဒုတိယအကြီးဆုံးမြို့ Kharkiv ကို ဒုံးကျည်တွေ တခြားနည်းလမ်းတွေနဲ့ ဆက်လက် တိုက်ခိုက်နေပါတယ်။

စနေနေ့က အဲဒီမြို့ထဲမှာရှိတဲ့ လူစည်ကားတဲ့ စီးပွားရေး အဆောက်အအုံတစ်ခုကို ပဲ့ထိန်းဗုံးတွေ အသုံးပြုပြီး တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါတယ်။

မစ္စတာ Zelenskyy က Kharkiv မှာ ရိုက်ကူးထားတယ်လို့ သူဆိုတဲ့ ဗီဒီယိုထဲမှာ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။ ရုရှားစစ်တပ်ဟာ လူပေါင်း ၁ သန်းကျော် နေထိုင်တဲ့ Kharkiv မြို့ကို နေ့တိုင်းတိုက်ခိုက်နေတယ်လို့ ထိခိုက်ပျက်စီးနေတဲ့ ပုံနှိပ်ကုမ္ပဏီအဆောက်အအုံတစ်ခုရှေ့မှာ သူက ပြောကြားခဲ့ပါတယ်။