မြောက်ကိုရီးယားက "ဂြိုဟ်တု" လွှတ်တင်ဖို့ စီစဉ်

မေလ ၂၇ ရက်နဲ့ ဇွန်လ ၃ ရက်နေ့ကြား တစ်ချိန်ချိန်မှာ ဂြိုလ်တုတစ်လုံး လွှတ်တင်မယ့် အစီအစဉ်ကို မြောက်ကိုရီးယားက အသိပေးထားတယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောလိုက်ပါတယ်။

အဲဒီဂြိုလ်တု ကျရောက်နိုင်ခြေရှိတဲ့ နေရာ ၃ နေရာထဲမှာမြောက်ကိုရီးယား အနောက်တောင်ဘက်မှာရှိတဲ့ ပင်လယ်ဝါထဲက ၂ နေရာနဲ့ ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်မှာရှိတဲ့ ပစိဖိတ်သမုဒ္ဒရာထဲက တစ်နေရာတို့ ပါဝင်ပါတယ်။ အဲဒီနေရာအားလုံးဟာ ဂျပန်ရဲ့ သီးသန့်စီးပွားရေးဇုန်ရဲ့ အပြင်ဘက်မှာ ရှိပါတယ်။

အဲဒီရေပြင်ထဲမှာ သွားလာနေတဲ့ ရေယာဉ်တွေအနေနဲ့ ပြုတ်ကျလာတဲ့ အရာဝတ္ထုတွေကို သတိရှိကြဖို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ဝန်ကြီးချုပ်ရုံးမှာရှိတဲ့ ဂျပန်အစိုးရလုပ်ငန်းအဖွဲ့က သတင်းအချက်အလက်တွေကို စုဆောင်းပြီး လေ့လာသုံးသပ်နေကြပါတယ်။

ထောက်လှမ်းရေးဌာနက စေ့စေ့စပ်စပ် စုဆောင်းပြီး လေ့လာသုံးသပ်ထားတဲ့ သတင်းအချက်အလက်တွေကို ပြည်သူတွေဆီ သင့်လျော်စွာ အသိပေးဖို့ ဝန်ကြီးချုပ် Kishida Fumio က သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အေဂျင်စီတွေကို ညွှန်ကြားထားပါတယ်။

ဂျပန်ဟာ အမေရိကန်၊တောင်ကိုရီးယားတို့နဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး အဲဒီလွှတ်တင်မှုကို ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ဖို့ မြောက်ကိုရီးယားကို အလေးအနက် တိုက်တွန်းကြောင်း သူက ပြောပါတယ်။

ဘယ်လိုအဖြစ်အပျက်မျိုးအတွက်မဆို ပြင်ဆင်ထားဖို့ ဖြစ်နိုင်ခြေရှိတဲ့ အစီအမံအားလုံးကို ဆောင်ရွက်ရေး မစ္စတာ Kishida က အစိုးရအေဂျင်စီတွေကို ညွှန်ကြားထားပါတယ်။