ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားထိပ်သီးဆွေးနွေးပွဲ မတိုင်မီ နှစ်နိုင်ငံ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့

ဂျပန်ဝန်ကြီးချုပ် Kishida Fumio ဟာ ဆိုးလ်မြို့မှာ တရုတ်၊ တောင်ကိုရီးယား ခေါင်းဆောင်တွေနဲ့ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

လေးနှစ်ကျော်ကာလအတွင်း အာရှအိမ်နီးချင်းနိုင်ငံတွေရဲ့ ပထမဆုံးသော သုံးနိုင်ငံထိပ်သီးအစည်းအဝေးမတိုင်မီ တစ်ရက်အလို တနင်္ဂနွေနေ့မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ဝန်ကြီးချုပ် Kishida ဟာ တောင်ကိုရီးယားသမ္မတ Yoon Suk-yeol နဲ့ အရင် တွေ့ဆုံခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မှာ သံတမန်ဆက်ဆံရေး နှစ် ၆၀ မပြည့်မီ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ဖို့ သဘောတူခဲ့ကြပါတယ်။

သမ္မတ Yoon က "နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့အတွက် သမိုင်းဝင်အလှည့်အပြောင်းတစ်ခုဖြစ်လာနိုင်စေရေး လာမယ့်နှစ်အတွက် ဝန်ကြီးချုပ် Kishida နဲ့ လက်တွဲလုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်"လို့ ပြောဆိုပါတယ်။

မစ္စတာ Kishida က "နိုင်ငံတကာ အသိုက်အဝန်းဟာ သမိုင်းဝင်အလှည့်အပြောင်းတစ်ခု မှာရောက်ရှိနေပါတယ်။ ဂျပန်ဟာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသကို ထိန်းသိမ်းဖို့နဲ့ ခိုင်မာအားကောင်းစေဖို့ ၊ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့အတွက် တောင်ကိုရီးယားနဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာစေချင်ပါတယ်" လို့ ပြောပါတယ်။

ခေါင်းဆောင်တွေဟာ မြောက်ကိုရီးယားကိစ္စကို ဆွေးနွေးခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယားနဲ့ ဒုံးကျည် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။

ဒီကိစ္စကို ဖြေရှင်းရေး အမေရိကန်နဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားတယ်လို့ ဝန်ကြီးချုပ် Kishida က နောက်ပိုင်းမှာ ပြောပါတယ်။

ဝန်ကြီးချုပ် Kishida ဟာ တရုတ်ဝန်ကြီးချုပ် Li Qiang နဲ့လည်း တဦးချင်းတွေ့ဆုံခဲ့ပါသေးတယ်။

မစ္စတာ Kishida က "ဂျပန်-တရုတ် ဆက်ဆံရေး တည်ငြိမ်ရေးဟာ နှစ်နိုင်ငံအတွက်ရော ဒေသတွင်းနဲ့ နိုင်ငံတကာအသိုက်အဝန်းအတွက်ပါ အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ် Li က "ကျွန်တော်တို့ဟာ အမြင်ကွဲပြားမှုတွေကို ထိန်းချုပ်နိုင်ပြီး ခေတ်သစ်ရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးမယ့် အပြုသဘောဆောင်တဲ့၊ တည်ငြိမ်တဲ့ဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးပမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်လို့ ပြောပါတယ်။"

"ဘုံမဟာဗျူဟာအကျိုးစီးပွားတွေကို အခြေခံပြီး အပြန်အလှန်အကျိုးရှိတဲ့ ဆက်ဆံရေးကို မြှင့်တင်မယ်" လို့ သူတို့နှစ်ဦး ထပ်မံအတည်ပြုခဲ့ပါတယ်။ အဲဒါဟာ ဝန်ကြီးချုပ် Kishida က သမ္မတ Xi Jinping နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ သဘောတူခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။

ဂျပန်ပင်လယ်စာ တင်သွင်းမှုရပ်ဆိုင်းထားတာကို အမြန်ဆုံး အဆုံးသတ်ဖို့ တရုတ်နိုင်ငံကို ဂျပန်ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။

ထိုင်ဝမ်နဲ့ ဆက်နွယ်တဲ့ကိစ္စတွေကို တွေ့ဆုံဆွေးနွေးမှုကတဆင့် ငြိမ်းချမ်းစွာဖြေရှင်းဖို့ တရုတ်နိုင်ငံကို တောင်းဆိုခဲ့တယ်လို့ မစ္စတာ Kishida က ပြောပါတယ်။

ထိုင်ဝမ်သမ္မတ Lai Ching-te ရာထူးရယူပြီး ရက်အနည်းငယ်အတွင်းမှာပဲ တရုတ်ဟာ ထိုင်ဝမ်အနီးတစ်ဝိုက်မှာ ကြီးမားတဲ့စစ်ရေးလေ့ကျင့်မှုတစ်ခုကို ကြာသပတေးနေ့က ပြုလုပ်ခဲ့ပါတယ်။