ရုရှားက Kharkiv မှာ ရှိတဲ့ စီးပွားရေးဆိုင်ရာ အဆောက်အအုံကို တိုက်ခိုက်ခဲ့ရာ လူ ၁၂ ဦး သေဆုံး

ယူကရိန်းအရှေ့ပိုင်း Kharkiv မြို့က လူစည်ကားတဲ့ စီးပွားရေးအဆောက်အအုံတစ်ခုကို ရုရှားက တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စနေနေ့က ပဲ့ထိန်းဗုံးတွေနဲ့ တိုက်ခိုက်မှုကြောင့် လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း Kharkiv ဒေသအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ တချို့လူတွေဟာ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ အခုအခါ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်လျက် ရှိပါတယ်။

အဲဒီဒေသရဲ့ မြို့တော် Kharkiv က လူနေအိမ်ရပ်ကွက်တစ်ခုမှာ နောက်ထပ်တိုက်ခိုက်မှုတစ်ခုကြောင့် လူ ၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဲဒီစီးပွားရေးဆိုင်ရာ အဆောက်အအုံကနေ အနက်ရောင် မီးခိုးတွေ တက်လာတာကို မြင်တွေ့ရတဲ့ ဗီဒီယိုကို ဒေသန္တရ စုံးစမ်းစစ်ဆေးရေးအရာရှိရဲ့ ရုံးက လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့ပါတယ်။ အဲဒီအဆောက်အအုံရဲ့ တစ်စိတ်တစ်ပိုင်းဟာ အကြီးအကျယ် ပျက်စီးခဲ့ရပါတယ်။

စနေနေ့ နေ့ခင်းဘက်က တိုက်ခိုက်မှု ဖြစ်ပွားချိန်မှာ အဲဒီမှာ လူပေါင်း ၂၀၀ ကျော် ရှိနေခဲ့နိုင်တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောပါတယ်။

ရုရှားဟာ မကြာသေးမီက နယ်စပ်ဖြတ်ကျော်ပြီး Kharkiv မြောက်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဒေသရဲ့ မြို့တော် Kharkiv ကိုလည်း ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

သာမန်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ဟာ ပစ်မှတ်ထားခံနေရတယ်လို့ မစ္စတာ Zelenskyy က လူမှုကွန်ရက်ပေါ်မှာ ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတ Vladimir Putin လို မိုက်ရူးရဲဆန်တဲ့သူသာ အခုလို ယုတ်မာတဲ့ နည်းလမ်းနဲ့ လူတွေကို သတ်ဖြတ်ပြီး အကြမ်းဖက်တိုက်ခိုက်နိုင်သူ ဖြစ်တယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။