ရုရှားက ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အနောက်နိုင်ငံရဲ့လက်နက်တွေ သုံးခွင့်ပြုဖို့ နေတိုးအကြီးအကဲက တောင်းဆို

ရုရှားက စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို တိုက်ခိုက်ဖို့အတွက် ယူကရိန်းကို ထောက်ပံ့ပေးထားတဲ့ လက်နက်တွေ အသုံးပြုမှုတားမြစ်ချက်ကို ဖြေလျှော့ပေးဖို့ နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က မဟာမိတ်အဖွဲ့ဝင်တွေကို တောင်းဆိုလိုက်ပါတယ်။

သောကြာနေ့က ဗြိတိန်ရဲ့ Economist မဂ္ဂဇင်းနဲ့ ‌တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ မစ္စတာ Stoltenberg က အဲဒီလို မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။ ယူကရိန်းအရှေ့ပိုင်း Kharkiv ဒေသမှာ ရုရှားက ထိုးစစ်အရှိန်မြှင့်လာနေတဲ့အကြား အခုလိုပြောကြားချက်ထွက်လာတာပါ။

ယူကရိန်းအပေါ် အနောက်နိုင်ငံတွေကနေ ထောက်ပံ့ပေးထားတဲ့ လက်နက်တွေကို ယူကရိန်းနယ်မြေအတွင်းမှာပဲ အသုံးပြုဖို့ ကန့်သတ်ထားချက်တွေကို ရုတ်သိမ်းပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်လာနေပါတယ်။

ဒါပေမဲ့ အမေရိကန်သမ္မတ Joe Biden အစိုးရဟာ အဲဒီလို လုပ်ဆောင်မယ့် ကိစ္စအပေါ် သတိကြီးကြီးထား ဆောင်ရွက်နေပါတယ်။ အမေရိကန်ဟာ ယူကရိန်းကို လက်နက်အများဆုံး ထောက်ပံ့ပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။

ရုရှားပိုင်နက်ထဲက စစ်ရေးဆိုင်ရာ တရားဝင်ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အနောက်နိုင်ငံတွေကနေ ထောက်ပံ့ပေးထားတဲ့ လက်နက်တွေကို ယူကရိန်းက အသုံးပြုနိုင်ခြေရှိခြင်းကို တားမြစ်ခြင်းဟာ ယူကရိန်းနိုင်ငံသားတွေအတွက် မိမိကိုယ်ကို ခုခံကာကွယ်ဖို့ အလွန်ခက်ခဲစေကြောင်း မစ္စတာ Stoltenberg က ပြောကြားခဲ့ပါတယ်။

ယူကရိန်းတွေအနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိပြီး အဲဒီလိုလုပ်ဆောင်ရာမှာ ရုရှားပိုင်နက်ထဲက ပစ်မှတ်တွေကို တိုက်ခိုက်မှုလည်း ပါဝင်တယ်လို့ နေတိုးအကြီးအကဲက ပြောကြားခဲ့ပါတယ်။

သူက အမေရိကန်နိုင်ငံကို အမည်တပ် ပြေကြားခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရနဲ့ တခြားနေတိုးအဖွဲ့ဝင်တွေဟာ သူတို့ရဲ့ ကန့်သတ်ချက်တွေကို ဖြေလျှော့သင့်တယ်လို့ သူက ပြတ်ပြတ်သားသား ပြောကြားခဲ့ပါတယ်။