တရုတ်နိုင်ငံ Guangdong ပြည်နယ်မှာ ချစ်ကြည်ရေး နဂါးလှေပြိုင်ပွဲကို ဂျပန်အဖွဲ့အစည်းတွေ စီစဉ်ကျင်းပ

ဂျပန်နဲ့ တရုတ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံရေးဖလှယ်မှု မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး တရုတ်နိုင်ငံတောင်ပိုင်းမှာ တရုတ်ရိုးရာ နဂါးလှေပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။

Guangdong ပြည်နယ် Foshan မြို့မှာ စနေနေ့က ကျင်းပခဲ့တဲ့ အဲဒီလှေပြိုင်ပွဲမှာ ဂျပန်နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေနဲ့ ဒေသန္တရအစိုးရအဖွဲ့တွေကနေ ဝန်ထမ်း စုစုပေါင်း ၄၅၀ လောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဒီပြိုင်ပွဲကို Guangdong ပြည်နယ်မှာရှိတဲ့ ဂျပန်ကုမ္ပဏီတွေနဲ့ ဂျပန်ကောင်စစ်ဝန်ရုံးတို့က စီစဉ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ရောင်စုံနဂါးပုံစံ လှေတစ်စင်းစီမှာ အဖွဲ့ဝင် ၂၀ လောက် စီးနင်းလိုက်ပါပြီး ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲမှာ လှေလှော်အဖွဲ့သားတွေဟာ မီတာ ၂၀၀ အကွာအဝေးအတွက် အင်အားအကုန်သုံးပြီး ယှဉ်ပြိုင်လှော်ခတ်ခဲ့ကြပါတယ်။

ချစ်ကြည်ရင်းနှီးမှုပိုပြီး ကောင်းမွန်တိုးတက်အောင် မြှင့်တင်နိုင်ဖို့အတွက် အခုလို ပွဲတစ်ရပ် ကျင်းပခဲ့ခြင်းဟာ အလွန်အဓိပ္ပာယ်ရှိတယ်လို့ ပြိုင်ပွဲမှာ ပထမအကြိမ် ပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။

တခြားလှေလှော်သမားတစ်ဦးကလည်း အလွန်ကောင်းတယ်၊ ပြိုင်ပွဲအပြီးမှာ တစ်ယောက်နဲ့တစ်ယောက် ချီးကျူးဂုဏ်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြိုင်ပွဲကို စီစဉ်ကျင်းပသူ တစ်ဦးဖြစ်တဲ့ Guangzhou ဂျပန်ကုန်သည်ကြီးများအသင်း အကြီးအကဲ Tanabe Hisato က အခုလို ပြိုင်ပွဲကျင်းပတာကို အနာဂတ်မှာလည်း ဆက်ပြီး မြင်တွေ့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျပန်နဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ချစ်ကြည်ရင်းနှီးမှု ပိုဖလှယ်နိုင်ဖို့ ရည်ရွယ်ပြီး ဒေသန္တရယဉ်ကျေးမှုတွေကို အတူခံစားဆင်နွှဲနိုင်ခဲ့တဲ့အတွက် အလွန်ကောင်းမွန်ကြောင်းလည်း သူက ဆက်ပြောသွားပါတယ်။