အပစ်အခဲရပ်စဲရေး အမြန်ဆုံး လုပ်ဆောင်ဖို့ ICJ က အမိန့်ပေးခဲ့ပေမဲ့ Rafah မှာ အစ္စရေး ဆက်လက် တိုက်ခိုက်

အစ္စရေးအနေနဲ့ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း Rafah မြို့မှာ စစ်ရေးထိုးစစ်ဆင်မှုတွေကို အမြန်ဆုံး ရပ်ဆိုင်းဖို့ နိုင်ငံတကာ တရားရုံး (ICJ) က အမိန့်ပေးပြီးနောက်မှာလည်း အစ္စရေးတပ်ဖွဲ့တွေဟာ ဆက်လက် တိုက်ခိုက်ခဲ့ပါတယ်။

အစ္စရေးဟာ ဂါဇာရဲ့ ဘယ်ဒေသမှာ စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့သလဲဆိုတာကို သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။ အဲဒီနေ့ဟာ The Hague မြို့မှာ ရှိတဲ့ ICJ က အဲဒီယာယီအမိန့်ကို ချမှတ်ခဲ့တဲ့ နေ့ဖြစ်ပါတယ်။

အစ္စရေးတပ်ဖွဲ့တွေဟာ Rafah မြို့မှာ အကြမ်းဖက်သမားအဖွဲ့တစ်ဖွဲ့ကို ဖြိုခွင်းပြီး ဂါဇာမြောက်ပိုင်း Jabalia မှာ ဒါဇင်နဲ့ချီတဲ့ တိုက်ခိုက်ရေးသမားတွေကို ရှင်းလင်းခဲ့တယ်လို့ ပြောပါတယ်။

ဒီအတောအတွင်း ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာမှာ လူ ၄၆ ဦး သေဆုံးခဲ့တယ်လို့ အတည်ပြုထားကြောင်း စနေနေ့မှာ ပြောခဲ့ပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ စတင်ပြီးနောက်ပိုင်း ဂါဇာဒေသတွင်းက သေဆုံးသူအရေအတွက်ဟာ ၃၅,၉၀၃ ဦး အထိ တိုးလာပြီဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ဂါဇာမှာ ကျန်ရှိနေတဲ့ ဓားစာခံတွေ လွတ်မြောက်ရေး ညှိနှိုင်းဆွေးနွေးမှုတွေဟာ နှောင့်နှေးကြန့်ကြာနေပြီး လာမယ့်ရက်တွေအတွင်း ပြန်လည်စတင်ဖွယ် ရှိတယ်ဆိုတဲ့ အရာရှိတွေရဲ့ ပြောဆိုချက်ကို မီဒီယာတချို့က ကိုးကားဖော်ပြခဲ့ပါတယ်။

အစ္စရေးရဲ့ Mossad ထောက်လှမ်းရေးအေဂျင်စီအကြီးအကဲက CIA အကြီးအကဲ၊ ကာတာဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံပြီးနောက် ညှိနှိုင်းဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာဖြစ်တယ်ဆိုတဲ့ အရာရှိတစ်ဦးရဲ့ ပြောဆိုချက်ကို Reuters သတင်းဌာနက ကိုးကားဖော်ပြခဲ့ပါတယ်။

ကြားဝင်စေ့စပ်သူတွေ ဖြစ်တဲ့ အီဂျစ်နဲ့ ကာတာ ဦးဆောင်တဲ့ အဆိုပြုချက်အသစ်တွေကို အခြေခံပြီး အမေရိကန်ရဲ့ ထဲထဲဝင်ဝင် ပါဝင်မှုနဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို စတင်မှာ ဖြစ်တယ်လို့ အဲဒီသတင်းဌာနက ဆိုပါတယ်။