စက်မှုလုပ်ငန်းဆိုင်ရာ ထုတ်ကုန်တွေကို တရုတ်က အလွန်အကြူး ထုတ်လုပ်နေတာနဲ့ ပတ်သက်ပြီး G7 ဘဏ္ဍာရေးအကြီးအကဲတွေ စိုးရိမ်ကြောင်း ပြော

G7 အဖွဲ့ဝင်တွေရဲ့ ဘဏ္ဍာရေးနဲ့ ဗဟိုဘဏ်အကြီးအကဲတွေဟာ တရုတ်က စက်မှုလုပ်ငန်းဆိုင်ရာ ထုတ်ကုန်တွေကို အလွန်အကြူး ထုတ်လုပ်နေတာနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တရုတ်အစိုးရဟာ လျှပ်စစ်မော်တော်ယာဉ်နဲ့ တခြားထုတ်ကုန်ပစ္စည်းတွေကို မတော်မတရား နိမ့်ကျတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချဖို့အတွက် အလွန်အကြူး ထုတ်လုပ်နေတယ်လို့ စွပ်စွဲခံထားရပါတယ်။

အီတလီမြောက်ပိုင်း Stresa မှာ ပြုလုပ်တဲ့ နှစ်ရက်ကြာ ဆွေးနွေးမှုတွေ အပြီးမှာ အဲဒီ G7 အရာရှိတွေဟာ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်ထဲမှာ "ကျွန်တော်တို့ရဲ့ အလုပ်သမားတွေ၊ စက်မှုလုပ်ငန်းတွေနဲ့ စီးပွားရေး ကြံ့ကြံ့ခံနိုင်စွမ်းကို ထိပါးရာရောက်တဲ့ ဈေးကွက်စီးပွားရေးမဆန်တဲ့ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေကို တရုတ်က ဘက်ပေါင်းစုံကနေ အသုံးချနေတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စိုးရိမ်တယ်" လို့ ဆိုထားပါတယ်။

အရာရှိတွေက "ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ မူတွေနဲ့အညီ တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေး စီမံချက်တွေကို ဆောင်ရွက်ဖို့ စဉ်းစားမှာ ဖြစ်တယ်" လို့ ပြောခဲ့ကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ယူကရိန်းကို ကျူးကျော်မှုနဲ့ ရုရှားအပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ထိန်းချုပ်ထားတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကနေ ရတဲ့ အမြတ်အစွန်းကို သုံးပြီး ယူကရိန်းကို ထောက်ပံ့ဖို့နဲ့ ပတ်သက်ပြီးတော့လည်း အရာရှိတွေက ဆွေးနွေးခဲ့ပါတယ်။

လာမယ့်လမှာ ပြုလုပ်မယ့် G7 ထိပ်သီးအစည်းအဝေးမတိုင်မီ အရာရှိတွေဟာ ရွေးချယ်မှုတွေကို သူတို့ခေါင်းဆောင်တွေဆီ တင်ပြဖို့ ရည်ရွယ်ထားတယ်လို့ အဲဒီကြေညာချက်က ဆိုပါတယ်။

ဂျပန်ဘဏ္ဍာရေးဝန်ကြီး Suzuki Shunichi က သတင်းထောက်တွေကို တွေ့ဆုံပြောကြားခဲ့ပါတယ်။ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေက ရတဲ့ အမြတ်အစွန်းတွေကို အသုံးပြုရာမှာ နိုင်ငံတကာဥပဒေကို လိုက်နာရမယ်ဆိုတာက ဂျပန်အစိုးရရဲ့ အခြေခံရပ်တည်ချက် ဖြစ်တယ်လို့ သူက ပြောပါတယ်။ ရုရှားအစိုးရဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုနဲ့ ဝေဖန်ရှုတ်ချခံနေရတာကြောင့်လို့ ဆိုပါတယ်။

G7 အရာရှိတွေဟာ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲနေကြပါတယ်။ သဘောထားကွဲလွဲမှုတွေကို ထိပ်သီးအစည်းအဝေးမတိုင်မီ ဘယ်လောက်အတိုင်းအတာအထိ လျှော့ချနိုင်မလဲဆိုတာကို မသိရသေးပါဘူး။