ရုရှားနဲ့ ဘဲလာရုစ် သမ္မတတွေ နျူကလီးယားလက်နက်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး ဆွေးနွေး

ရုရှားသမ္မတ Vladimir Putin က အဓိကမဟာမိတ်နိုင်ငံတစ်ခုနဲ့ ပိုပြီးခိုင်ခိုင်မာမာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုနေပါတယ်။ သူက ဘဲလာရုစ်နိုင်ငံ Minsk မြို့မှာ ကြာသပတေးနဲ့ သောကြာနေ့တွေက သမ္မတ Alexander Lukashenko နဲ့ တွေ့ဆုံခဲ့ပြီး စီးပွားရေးဆက်ဆံမှုနဲ့ နျူကလီးယားလက်နက် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

အခုသီတင်းပတ်အစောပိုင်းမှာ ရုရှားတပ်ဖွဲ့တွေက သူတို့ရဲ့ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေနဲ့ "လက်တွေ့လေ့ကျင့်မှု" လို့ သူတို့ကခေါ်တဲ့ လုပ်ဆောင်မှုကို စတင်ခဲ့ပါတယ်။ မစ္စတာ Putin က အဲဒီစစ်ရေးလေ့ကျင့်မှုမှာ အဆင့်သုံးဆင့် ပါဝင်မှာဖြစ်ပြီး ပိုက်နက်အတွင်း ရုရှားရဲ့ နျူကလီးယားလက်နက်တွေကိုချထားတဲ့ ဘဲလာရုစ်နိုင်ငံဟာ ဒုတိယအဆင့်မှာ ပါဝင်လာမယ်လို့ ပြောကြားခဲ့ပါတယ်။

မစ္စတာ Putin က ဒီစစ်ရေးလေ့ကျင့်မှုကို "စီစဉ်ထားတဲ့ လုပ်ရိုးလုပ်စဉ်" အဖြစ် ရည်ညွှန်းပြောကြားခဲ့ပြီး ရုရှားနဲ့ ဘဲလာရုစ်တို့အနေနဲ့ "ဘာကိုမှ အရှိန်မြှင့်တင်ခြင်း" မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ သူက "မအောင်မြင်မှု" ဒါမှမဟုတ် "မှားယွင်းမှု" တွေကို ခွင့်ပြုမှာမဟုတ်တဲ့အတွက် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပြီး NATO အဖွဲ့ဝင်တွေဟာလည်း အလားတူ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။

သမ္မတ Lukashenko က ဘဲလာရုစ်နဲ့ ရုရှားတို့ဟာ ဘယ်သူ့ကိုမှ တိုက်ခိုက်ဖို့ဆန္ဒမရှိပေမဲ့ မိမိကိုယ်ကိုယ် ခုခံကာကွယ်ရာမှာ ဒီလက်နက်တွေကို အသုံးပြုနိုင်နေရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါအပြင် နှစ်နိုင်ငံအနေနဲ့ သူတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပစ်မှတ်ထားနေတဲ့ အနောက်နိုင်ငံတွေကနေ အပြန်အလှန် ကာကွယ်သွားမယ်လို့လည်း သူကဆိုပါတယ်။ ပေါင်းစည်းထားတဲ့ ကုန်ထုတ်လုပ်ငန်းမူဝါဒကို အဆောတလျင် ပြီးမြောက်အောင် လုပ်ဆောင်ရမှာဖြစ်တယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။