Rafah မှာ စစ်ဆင်ရေး ရပ်ဆိုင်းဖို့ အစ္စရေးကို ICJ က တားမြစ်မိန့် ထုတ်ပြန်

ဟားမတ်စ်နဲ့ ပဋိပက္ခမှာ အစ္စရေးရဲ့စစ်ဆင်မှုတွေ ဆိုင်းငံ့ထားဖို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က အစ္စရေးနိုင်ငံကို ပထမဆုံးအကြိမ် တောင်းဆိုလိုက်ပါတယ်။ Rafah မှာ ထိုးစစ်ကို "ချက်ချင်းရပ်တန့်ဖို့" ယာယီအစီအမံလို့လူသိများတဲ့ ဒီတောင်းဆိုချက်ကို သောကြာနေ့တုန်းက ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

The Hague တရားရုံးရဲ့ တရားသူကြီးတွေက တိုက်ပွဲတွေဟာ ဆိုးရွားလွန်းတဲ့အနေအထားလို့ သူတို့ကခေါ်ဆိုတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို ဖြစ်ပေါ်စေတယ်လို့ ပြောပါတယ်။

Rafah ထိုးစစ်ကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေဟာ ပါလက်စတိုင်းတွေရဲ့ အခွင့်အရေးတွေ ပြန်လည်ပြုပြင်လို့မရနိုင်လောက်အောင် နောက်ထပ်အန္တရာယ်တွေကို ဖြစ်လာစေနိုင်တယ်လို့ ICJ ဥက္ကဌ Nawaf Salam က ပြောပါတယ်။

တရားသူကြီးတွေဟာ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို တားဆီးဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေဖြန့်ဝေ‌‌ရေး သေချာစေအောင် ဖြစ်နိုင်တဲ့အစီအစဥ်မှန်သမျှ လုပ်ဆောင်ဖို့ အစ္စရေးကို အရင်ကလည်း တောင်းဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီအတွက် ကြိုးပမ်းမှုတွေဟာ လုံလောက်တယ်လို့ သူတို့က မယုံကြည်ကြပါဘူး။

Rafah မှာ ထိုးစစ်တွေကြောင့် နေထိုင်သူအများအပြား ဘေးလွတ်ရာဆီ အကြိမ်ကြိမ် ရွှေ့ပြောင်းနေရတာကြောင့် တရားသူကြီးတွေက Rafah လမ်းကြောင်းဆက်ဖွင့်ထားဖို့ အပါအဝင် အတားအဆီးမဲ့တဲ့ လူသားချင်းစာနာမှုအကူအညီတွေ သေချာစေရေး နောက်ထပ်အစီအမံတွေကို တောင်းဆိုနေကြပါတယ်။

ICJ က ချမှတ်ထားတဲ့ စီရင်ချက်တွေဟာ တရားဝင်တာဝန်ခံစေဖို့ သက်ရောက်မှုရှိပေမဲ့ ဒီတရားရုံးအနေနဲ့ သူ့ရဲ့အမိန့်တွေကို လိုက်နာလာအောင် လုပ်ဆောင်နိုင်တဲ့ အခွင့်အာဏာ မရှိပါဘူး။ အစ္စရေးခေါင်းဆောင်တွေက စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတာကြောင့်၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဝေဖန်မှုတွေ ထပ်မံထွက်ပေါ်လာနိုင်ပါတယ်။