နယ်စပ်စစ်ဆေးရေးစခန်းကတစ်ဆင့် ဂါဇာကို အထောက်အပံ့တွေ ပြန်လည်စတင်ပေးပို့ဖို့ အမေရိကန်နဲ့ အီဂျစ် သဘောတူ

အမေရိကန်နဲ့ အီဂျစ်ဟာ နယ်စပ်စစ်ဆေးရေးစခန်းကတစ်ဆင့် ဂါဇာကို အထောက်အပံ့တွေ ပြန်လည်စတင်ပေးပို့ဖို့ သဘောတူခဲ့ပါတယ်။

အမေရိကန်သမ္မတ Joe Biden ဟာ အီဂျစ်သမ္မတ Abdel Fattah el-Sisi နဲ့ သောကြာနေ့မှာ တယ်လီဖုန်းနဲ့ စကားပြောခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေကို အီဂျစ်ကနေ Kerem Shalom နယ်စပ်စစ်ဆေးရေးစခန်းကတစ်ဆင့် ယာယီပေးပို့ခွင့်ပြုရေး မစ္စတာ Sisi ရဲ့ ကတိကဝတ်ကို မစ္စတာ Biden က ကြိုဆိုခဲ့တယ်လို့ အိမ်ဖြူတော်က မှတ်ချက်ပြုခဲ့ပါတယ်။ အီဂျစ်ကလည်း အဲဒီသဘောတူညီချက်ကို ကြေညာခဲ့ပါတယ်။

ဂါဇာမှာ စားနပ်ရိက္ခာပြတ်လပ်နေချိန်အတွင်း အဲဒီသဘောတူညီချက် ထွက်ပေါ်လာတာပါ။

အစ္စရေးစစ်တပ်က မြေပြင်စစ်ဆင်ရေးကို စတင်ပြီးနောက်ပိုင်း အီဂျစ်နဲ့ ဂါဇာတောင်ပိုင်းဒေသအကြားက Rafah နယ်စပ်စစ်ဆေးရေးစခန်းကို ပိတ်ထားခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဂါဇာကမ်းရိုးတန်းက အမေရိကန် ဆောက်လုပ်ထားတဲ့ ယာယီဆိပ်ခံတံတားကနေ အထောက်အပံ့ပစ္စည်း ပေးပို့မှုကို မေလ ၁၇ ရက်နေ့မှာ စတင်ခဲ့ပါတယ်။

ထောက်ပံ့ရေးအစီအစဉ် စတင်ပြီးနောက်ပိုင်း ကုလသမဂ္ဂဟာ ဂါဇာကို ပစ္စည်းတန်ချိန် ၅၀၆ တန် ပေးပို့ခဲ့ပြီးဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီပမာဏဟာ အကြမ်းဖျဉ်း ကုန်တင်ယာဉ် ၇၁ စီးစာလောက် ရှိပြီး တစ်ရက်ကို ကုန်တင်ယာဉ် ၉၀ စာ ပေးပို့မယ်လို့ မူလက ရည်မှန်းထားတာထက် သိသိသာသာ နည်းကြောင်း Wall Street Journal က ပြောပါတယ်။

ဒါဟာ လူနှစ်သန်းကျော်ရဲ့ တစ်နေ့တာလိုအပ်ချက် အနည်းဆုံးပမာဏရဲ့ ၁၅ ရာခိုင်နှုန်းလောက်သာ ရှိတယ်လို့လည်း အဲဒီသတင်းစာက ဆိုပါတယ်။