အိန္ဒိယရဲ့ ဆဋ္ဌမအကျော့ ရွေးကောက်ပွဲမှာ နယူးဒေလီက မဲဆန္ဒရှင်တွေ မဲပေးခဲ့

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်က မဲဆန္ဒရှင်တွေဟာ နိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲ ဆဋ္ဌမအဆင့်မှာ ဆန္ဒမဲပေးခဲ့ကြပါတယ်။

အဆင့်ပေါင်း ၇ ဆင့်ရှိတဲ့ အထွေထွေရွေးကောက်ပွဲရဲ့ ဆဋ္ဌမအကြိမ်မြောက် ‌မဲပေးမှုတွေကို စနေနေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပထမအကြိမ်ကို ဧပြီလ ၁၉ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး နောက်ဆုံးအကြိမ်ကို ဇွန်လ ၁ ရက်နေ့မှာ ပြုလုပ်ဖို့ရှိပါတယ်။ ဒီရွေးကောက်ပွဲမှာ စုစုပေါင်း အမတ်နေရာ ၅၄၃ နေရာအတွက် ဝင်ရောက် အ‌ရွေးခံနေကြပါတယ်။

အာဏာရ Bharatiya Janata ပါတီက ဝန်ကြီးချုပ် Narendra Modi ဟာ တတိယအကြိမ်မြောက် ရာထူးသက်တမ်းကို ရယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီကို ဗဟိုပြုတဲ့ အတိုက်အခံမဟာမိတ်အင်အားစုတွေက အစိုးရပြောင်းလဲပြီး အာဏာရယူနိုင်ဖို့ ရည်ရွယ်ကြိုးစားနေပါတယ်။

နယူးဒေလီမြို့တော်ဟာ လေထုညစ်ညမ်းမှုနဲ့ ယာဉ်ကြောပိတ်ဆို့မှုအပါအဝင် စိန်ခေါ်မှု အများအပြားနဲ့ ရင်ဆိုင်နေရပါတယ်။

လတ်တလော မြို့တော်မှာ အပူလှိုင်းဖြတ်နေပြီး အပူချိန် ၄၀ ဒီဂရီဆဲလ်စီယပ်ကျော် ရှိပါတယ်။

နောက်ထပ် ဆိုးရွားတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ ရေပြတ်လပ်မှုနဲ့လည်း ကြုံနေရပြီး ဆင်းရဲတဲ့ ရပ်ကွက်တွေမှာ ရေမရတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

မြို့တော်မဲဆန္ဒနယ်မြေမှာအနိုင်ရပြီး အမတ်နေရာတွေ ရရှိရေးဟာ အာဏာရပါတီအတွက်ရော အတိုက်အခံတွေအတွက်ပါ အရေးကြီးတာကြောင့် နယူးဒေလီက မဲဆန္ဒရှင်တွေရဲ့ ရွေးချယ်ဆုံးဖြတ်မှုတွေအပေါ် အထူးအာရုံစိုက်စရာ ဖြစ်နေပါတယ်။

လေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းဖို့ အစိုးရဟာ လုံလုံလောက်လောက် မလုပ်ဆောင်နိုင်သေးကြောင်း အမျိုးသားတစ်ဦးက ပြောပါတယ်။ အမှိုက်စွန့်ပစ်ခြင်းဆိုင်ရာ ပြဿနာကိုလည်း ဖြေရှင်းသင့်တယ်လို့ သူက ဆိုပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုကြောင့် လူတွေဟာ သူတို့ လိုရာခရီးကို အချိန်မီ မရောက်နိုင်ဘူးလို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ သန့်ရှင်းမှုနဲ့ အမျိုးသမီးတွေရဲ့ ဘေးကင်းလုံခြုံမှုရှိရေးတို့ဟာလည်း အရေးကြီးတဲ့ ကိစ္စရပ်တွေဖြစ်ကြောင်းလည်း သူက ပြောသွားပါတယ်။

မဲရေတွက်ခြင်းကို ဇွန်လ ၄ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်မှာဖြစ်ပါတယ်။