ကူးလူးဆက်ဆံမှုတွေ ပြန်စရေး ဂျပန်နဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးတွေ ဆွေးနွေးမယ်လို့ မျှော်လင့်ရ

ဂျပန်နဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးတွေဟာ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (SDF) နဲ့ တောင်ကိုရီးယားစစ်တပ်တို့အကြား အပြန်အလှန်ကူးလူးဆက်ဆံမှုတွေ ပြန်လည်စတင်ဖို့ ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။

စင်္ကာပူမှာ မေလ ၃၁ ရက်နေ့ကျရင် စတင်မယ့် Shangri-La Dialogue ရဲ့ ဘေးစည်းအဖြစ် ဂျပန် ကာကွယ်ရေးဝန်ကြီး Kihara Minoru နဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Shin Won-sik တို့ တွေ့ဆုံဆွေးနွေးဖို့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဂျပန်အစိုးရ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

SDF နဲ့ တောင်ကိုရီးယားစစ်တပ်အကြား ကူးလူးဆက်ဆံမှုတွေကို ၂၀၁၈ ခုနှစ်က ရေဒါဆိုင်ရာ ဖြစ်ရပ်တစ်ခုနောက်ပိုင်း ရပ်ဆိုင်းထားခဲ့ပါတယ်။

ဂျပန်ပင်လယ်ပြင်က SDF ကင်းလှည့်လေယာဉ်ကို တောင်ကိုရီးယားရေတပ် ဖျက်သင်္ဘောတစ်စင်းက ပစ်ခတ်မှုထိန်းချုပ်ရေး ရေဒါနဲ့ ချိန်ရွယ်ခဲ့ကြောင်း ဂျပန်အစိုးရက ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယားက သူတို့ရဲ့သင်္ဘောဟာ အဲဒီလေယာဉ်ကို ရေဒါနဲ့ ချိန်ရွယ်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်လာနေတဲ့အကြား ဂျပန်နဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးတွေက အဲဒီလိုဖြစ်ရပ်တွေကို ကာကွယ်ဖို့ အစီအမံတွေအပါအဝင် ကိစ္စရပ်တွေကို အရှိန်မြှင့် ဆွေးနွေးသွားဖို့ မနှစ်က သဘောတူခဲ့ကြပါတယ်။

မစ္စတာ Kihara နဲ့ မစ္စတာ Shin တို့ဟာ နှစ်ဘက်အကြား သဘောထားကွဲလွဲမှုတွေ ရှိနေသေးတဲ့ ရေဒါဆိုင်ရာဖြစ်ရပ်နဲ့ ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း ဆွေးနွေးမယ်လို့ မမျှော်လင့်ရပေမဲ့ အလားတူ နောက်ထပ်မဖြစ်ပွားဖို့ တားဆီးရေးအတွက် နိုင်ငံတကာ စံနှုန်းတွေကို အခြေခံထားတဲ့ အစီအမံတွေအပေါ် အာရုံစိုက်ဆွေးနွေးဖွယ် ရှိပါတယ်။