စင်္ကာပူမှာကျင်းပမယ့် လုံခြုံရေးညီလာခံမှာ အမေရိကန်နဲ့ တရုတ် ကာကွယ်ရေးအကြီးအကဲတွေ တွေ့ဆုံဖို့ရှိ

အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin ဟာ စင်္ကာပူမှာ ကျင်းပမယ့် အဓိကကျတဲ့ လုံခြုံရေးညီလာခံတစ်ခုမှာ တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun နဲ့ တွေ့ဆုံဖို့ စီစဉ်နေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

သောကြာနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစ်စောင်မှာ အဲဒီ ဝန်ကြီးဌာနက မေလ ၃၁ ရက်နေ့မှာ စတင်မယ့် Shangri-La Dialogue ညီလာခံမှာ ဘေးစည်းအနေနဲ့ အဲဒီလိုတွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဒါဟာ၂၀၂၂ ခုနှစ် နိုဝင်ဘာလနောက်ပိုင်းမှာ အမေရိကန်နဲ့ တရုတ်ကာကွယ်ရေးအကြီးအကဲတွေအကြား ပထမဆုံးလူချင်းတွေ့ဆုံမှုဖြစ်လာမှာ ဖြစ်ပါတယ်။ မစ္စတာ Austin နဲ့ မစ္စတာ Dong တို့ဟာ ပြီးခဲ့တဲ့လတုန်းက ဗီဒီယိုကတစ်ဆင့် စကားပြောခဲ့ကြပါတယ်။

အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့က ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက သူတို့ရဲ့ထိပ်သီးအစည်းအဝေးမှာ နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ထိပ်တန်းအရာရှိတွေအကြား တွေ့ဆုံဆွေးနွေးမှု ပြန်လည်စတင်ဖို့ သဘောတူညီခဲ့တာကြောင့် အခုလိုလုပ်ဆောင်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

မစ္စတာ Austin နဲ့ မစ္စတာ Dong တို့ဟာ ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်အရေးကိစ္စတွေကို ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။ တရုတ်အစိုးရဟာ ထိုင်ဝမ်အနီးတစ်ဝိုက်က ဧရိယာတွေမှာ စစ်ရေးလေ့ကျင့်မှုတွေကတစ်ဆင့် ထိုင်ဝမ်အပေါ် တိုးမြှင့် ဖိအားပေးနေပြီး ဖိလစ်ပိုင်သင်္ဘောတွေကို ရေအမြောက်တွေနဲ့ တိုက်ခိုက်တာအပါအဝင် တောင်တရုတ်ပင်လယ်မှာ တစ်ဖက်သတ်ဆန်တဲ့အပြုအမူတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

မစ္စတာ Austin ဟာ ဂျပန် ကာကွယ်ရေးဝန်ကြီး Kihara Minoru ၊ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Shin Won-sik တို့နဲ့ သုံးပွင့်ဆိုင် အစည်းအဝေးကိုလည်း တက်ရောက်ဖို့ စီစဉ်ထားကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။