နယူးကယ်လီဒိုးနီးယားဒေသက မဲပေးခွင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဥပဒေမူကြမ်းကို ပြင်သစ်သမ္မတ ဆိုင်းငံ့

ပြင်သစ်သမ္မတ Emmanuel Macron ဟာ ကြာသပတေးနေ့မှာ နယူးကယ်လီဒိုးနီးယားဒေသကို သွားရောက်ခဲ့ပြီး သီတင်းတစ်ပတ်ကျော်ကြာအောင် ဖြစ်ပွားနေတဲ့ အဓိကရုဏ်းတွေကို အဆုံးသတ်စေရေး နည်းလမ်းရှာဖွေဖို့ ကြိုးစားခဲ့ပါတယ်။ သူဟာ သောကြာနေ့က မြို့တော် Noumea မှာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး အခုလိုဆူပူအုံကြွမှုတွေကို ဖြစ်ပွားစေခဲ့တဲ့ ဥပဒေမူကြမ်းကို ပြဋ္ဌာန်းဖို့အတွက် လောလောဆယ် တွန်းအားပေးဆောင်ရွက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

တစ်လအတွင်းမှာ အကြမ်းဖက်မှုတွေ ရပ်တန့်သွားမှာဖြစ်ပြီး နယူးကယ်လီဒိုးနီးယား ဒေသခံပြည်သူတွေနဲ့အကြားက အထွေထွေသဘောတူညီချက်ကို "ရှေ့ဆက်လုပ်ဆောင်နိုင်လိမ့်မယ်" လို့ မျှော်မှန်းထားကြောင်း သူက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

ပြင်သစ်လွှတ်တော်အမတ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဥပဒေမူကြမ်းတစ်ရပ်ကို အတည်ပြုလိုက်ပြီးနောက် အဓိကရုဏ်းတွေ ဖြစ်ပွားလာခဲ့ပါတယ်။ လွှတ်တော်အမတ်တွေက အဲဒီဒေသအတွင်း အနည်းဆုံး ၁၀ နှစ် နေထိုင်သူတွေ မဲပေးခွင့်ရအောင် ဆောင်ရွက်ဖို့ ဆန္ဒရှိနေပါတယ်။

ဒါပေမဲ့ လွတ်လပ်ရေးလိုလားတဲ့ အဖွဲ့တွေ၊ အဓိကအားဖြင့် လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ရှိတဲ့ Kanak လူမျိုးစုတွေက အဲဒီအစီအစဉ်ကို ဆန့်ကျင်နေကြပါတယ်။ အဲဒီလို ပြောင်းလဲမှုကြောင့် ပြင်သစ်ကိုလိုလားတဲ့ မဲဆန္ဒရှင်တွေ အသာစီရသွားနိုင်တဲ့အချက်ကို သူတို့က စိုးရိမ်နေကြပါတယ်။

ဆူပူအုံကြွမှုတွေကို တားဆီးဖို့အတွက် မစ္စတာ Macron က ထောင်နဲ့ချီတဲ့ လုံခြုံရေးဝန်ထမ်းတွေကို နေရာချထားပါတယ်။ အခြေအနေ ပြန်လည်တည်ငြိမ်ရေးအတွက် လုံခြုံရေးဝန်ထမ်းတွေဟာ "လိုအပ်နေသမျှ" အဲဒီမှာ ရှိနေမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

နှစ်ဖက်စလုံးက ခေါင်းဆောင်တွေအနေနဲ့ အခြေအနေ တည်ငြိမ်လာအောင် လှုံ့ဆော်ကြဖို့နဲ့ ဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ မစ္စတာ Macron က တောင်းဆိုခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက် ခေါင်ဆောင်တွေ ဖြေရှင်းချက်တစ်ခု ရတဲ့အချိန်အထိ သီတင်းပတ်အနည်းငယ်ကြာအောင် သူစောင့်နိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မဲပေးခွင့်ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဥပဒေမူကြမ်းဟာ "စွန့်ပစ်လိုက်ရုံ" အရာတစ်ခု မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

ဒေသခံအများအပြား ခွဲခြားဆက်ဆံမှုတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို မစ္စတာ Macron က အသိအမှတ်ပြုထားပါတယ်။ Kanak လူမျိုးအသိုင်းအဝိုင်းထဲက တချို့သူတွေက ပြောကြားရာမှာ လူတွေဟာ တန်းတူညီမျှမှုအကြောင်း ပါးစပ်ကပြောကြပေမဲ့ သူတို့ကိုယ်တိုင်ကတော့ တန်းတူညီမျှမှုဆိုတာ "လုံးဝ မရှိတဲ့အရာ" လို့ ယူဆထားနေကြတယ်လို့ ဆိုနေကြပါတယ်။