ဂျပန်က ဘွဲ့ရလူသစ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ၁၉၉၆ ဘဏ္ဍာရေးနှစ် နောက်ပိုင်းအမြင့်ဆုံးဖြစ်လာ

ဂျပန်အစိုးရရဲ့ စစ်တမ်းတစ်ခုအရ အခုနှစ် မတ်လမှာ တက္ကသိုလ်တွေကနေ ဘွဲ့ရသူတွေရဲ့ ၉၈.၁ ရာခိုင်နှုန်းဟာ အလုပ်ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။ အဲဒီကိန်းဂဏန်းဟာ ဒီနှစ်စဉ်စစ်တမ်း စတင်ကောက်ယူခဲ့တဲ့ ၁၉၉၆ ဘဏ္ဍာရေးနှစ် နောက်ပိုင်းမှာ အမြင့်ဆုံး ဖြစ်ပါတယ်။

အလုပ်သမားရေးရာနဲ့ ပညာရေးဝန်ကြီးဌာနတွေက ဧပြီလ ၁ ရက်နေ့အထိ ဂျပန်နိုင်ငံတစ်ဝန်းက တက္ကသိုလ်တွေနဲ့ တခြားကျောင်းအဖွဲ့အစည်း ၁၁၂ ခုမှာ ပညာသင်ကြားခဲ့ကြတဲ့ လူပေါင်း ၆,၂၅၀ ကို သူတို့ရဲ့ အလုပ်အကိုင်ရှာဖွေရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ယူခဲ့ပါတယ်။

ရလာဒ်တွေအရ တက္ကသိုလ်ဘွဲ့ရတွေအတွက် အလုပ်အကိုင်‌ရရှိမှု နှုန်းက ၉၈.၁ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့တဲ့နှစ် အလားတူအချိန်ကထက် ၀.၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း တွေ့ရပါတယ်။

အလုပ်သမားရေးရာ ၀န်ကြီး Takemi Keizo က အလုပ်သမား ရှားပါးတဲ့ ကာလအတွင်း တက်တက်ကြွကြွ အလုပ်ခေါ်နေတဲ့ ကုမ္ပဏီတွေ များလာနေတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အစိုးရအလုပ်နေရာချထားရေးဝန်ဆောင်မှုတွေနဲ့ တခြားအစီအစဥ်တွေကတစ်ဆင့် အလုပ်အကိုင်ရှာဖွေ‌ဆဲ ဘွဲ့ရကျောင်းသားတွေကို ကူညီဖို့ ရည်ရွယ်ထားကြောင်းလည်း မစ္စတာ Takemi က ပြောခဲ့ပါတယ်။