အစ္စရေး ဝန်ကြီးချုပ် အမေရိကန်လွှတ်တော်မှာ မကြာခင် မိန့်ခွန်းပြောမယ်လို့ အောက်လွှတ်တော် ဥက္ကဋ္ဌ ဆို

ရီပတ်ဘလီကန်ပါတီဝင် အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Mike Johnson က အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu ကို မကြာခင်မှာ အမေရိကန်ပြည်ထောင်စုကို သူဖိတ်ကြားမယ်လို့ အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။

ကြာသပတေးနေ့က မစ္စတာ Johnson ဟာ ဝါရှင်တန်မှာရှိတဲ့ အစ္စရေးသံရုံးရဲ့ ဧည့်ခံပွဲကို တက်ရောက်ခဲ့ပါတယ်။ သူက မိန့်ခွန်းပြောကြားရာမှာ "ကျွန်တော်တို့ မကြာခင် လွှတ်တော်အဆောက်အအုံမှာ ဝန်ကြီးချုပ် Netanyahu ကို ဖိတ်ကြားပြီး လွှတ်တော် နှစ်ရပ်ပူးတွဲအစည်းအဝေး ကျင်းပသွားမှာဖြစ်ပါတယ်" လို့ ဆိုပါတယ်။

မစ္စတာ Johnson က ရက်အတိအကျကို မဖော်ပြခဲ့ပေမဲ့ ဒီ ဖိတ်ခေါ်မှုဟာ အလိုအပ်နေဆုံးအချိန်မှာ "အစ္စရေးအစိုးရအပေါ် ထောက်ခံမှုကို အလွန်ခိုင်ခိုင်မာမာ ပြသမှု" ဖြစ်လာမယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။

သူ့အနေနဲ့ အစ္စရေးနဲ့ စည်းလုံးညီညွတ်မှုကို ပြသဖို့ လိုလားနေပုံရပါတယ်။ ဒါပေမဲ့ အစ္စရေးရဲ့ မူဝါဒတွေအပေါ် အမေရိကန်တွေ သဘောထားကွဲနေတဲ့အကြား မစ္စတာ Johnson ရဲ့ မိန့်ခွန်းက ငြင်းခုန်မှုတွေကို မီးလောင်ရာလေပင့်ပေးသလို ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။

ဟားမတ်စ်အပေါ် အစ္စရေးက စစ်ဆင်ရေးတွေ ဆက်လုပ်နေတဲ့အကြား ဂါဇာကမ်းမြောင်မှာ အရပ်သား သေဆုံးမှုအရေအတွက် တိုးလာနေပါတယ်။