ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှု တရုတ် ဆက်လက်လုပ်ဆောင်နေပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အမေရိက တောင်းဆို

အမေရိကန်ပြည်ထောင်စုက ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ တောင်းဆိုနေတဲ့အကြား ထိုင်ဝမ်အနီးပတ်ဝန်းကျင်မှာ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေ ကြာသပတေးနဲ့ သောကြာနေ့တွေမှာ လုပ်ဆောင်ခဲ့ပါတယ်။

ထိုင်ဝမ်ပတ်ဝန်းကျင်၊ Kinmen ကျွန်းတွေနဲ့ တခြားနေရာတွေမှာ သောကြာနေ့အထိ နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး ကြာသပတေးနေ့မှာ တရုတ်အရှေ့ပိုင်းစစ်နယ်ဝန်း ကွပ်ကဲရေးဌာနက ကြေညာခဲ့ပါတယ်။

သောကြာနေ့က လူမှုမီဒီယာမှာ အဲဒီဌာန ပြောရေးဆိုခွင့်ရှိသူက ရေးသားခဲ့ရာမှာ လုပ်ဆောင်နေတဲ့ စစ်ရေးလေ့ကျင့်မှုဟာ စစ်ဘက်ဌာနခွဲတွေအကြား ညှိနှိုင်းဆောင်ရွက်မှုကို အတည်ပြုဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။

ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့ မနက် ၆ နာရီကနေ ၂၄ နာရီအတွင်း ထိုင်ဝမ်အနီးမှာ စုစုပေါင်း တရုတ်စစ်ဘက်လေယာဉ် ၄၉ စင်း၊ စစ်သင်္ဘော ၁၉ စင်းနဲ့ အစိုးရရေယာဉ် ၇ စင်းကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ကြာသပတေးနေ့မှာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ကင်းလှည့်လေယာဉ်က ရိုက်ကူးထားတဲ့ တရုတ်သင်္ဘောတွေရဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေလို့ သူတို့ကဆိုတဲ့အရာတွေကို ထိုင်ဝမ်လေတပ်က ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်ရဲ့ လှုပ်ရှားမှုအလုံးစုံကို စောင့်ကြည့်နေတယ်ဆိုတာကို ပြသဖို့ ထိုင်ဝမ်က ကြိုးစားတာလို့ ယူဆရပါတယ်။

အဲဒီ စစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်က ခွဲထွက်ရေးအင်အားစုတွေရဲ့ လွတ်လပ်ရေးလိုလားတဲ့ လှုပ်ရှားမှုတွေအပေါ် သတိပေးချက်တစ်ခုဖြစ်တယ်လို့ တရုတ်စစ်တပ်က ပြောပါတယ်။

ထိုင်ဝမ်သမ္မတသစ် Lai Ching-te က သူ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲနေ့က မိန့်ခွန်းထဲမှာ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတဲ့ တရုတ်အစိုးရရဲ့ အဆိုကို ငြင်းဆိုခဲ့ပြီးနောက် တရုတ်အစိုးရဟာ ထိုင်ဝမ်အပေါ် စစ်ရေးဖိအားတိုးမြှင့်ဖို့ သူ့ရဲ့ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့မှာ NHK ကို ပြောကြားခဲ့ရာမှာ အမေရိကန်အစိုးရဟာ ထိုင်ဝမ်နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ရင်း အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး တရုတ်အစိုးရအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ ပြင်းပြင်းထန်ထန် တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

တရုတ်ရဲ့ လုပ်ရပ်တွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆယ်စုနှစ်များစွာ ထိန်းသိမ်းလာခဲ့တဲ့ ကာလရှည်ကြာ စံချိန်စံညွှန်းတွေကို ပျက်ပြားသွားစေနိုင်တယ်လို့ အဲဒီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။