ရဟတ်ယာဉ်ပျက်ကျမှုနဲ့ ပတ်သက်တဲ့ ပထမဆုံး စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ အီရန်စစ်တပ် ထုတ်ပြန်

သမ္မတနဲ့ တခြားသူတွေ သေဆုံးခဲ့ရတဲ့ ရဟတ်ယာဉ် ပျက်ကျမှုနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို အီရန်စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။ ရဟတ်ယာဉ်အမှုထမ်းတွေနဲ့ လေကြောင်းထိန်းချုပ်သူတွေအကြား စကားပြောဆိုမှုတွေမှာ သံသယဖြစ်ဖွယ်တစ်စုံတစ်ရာကို စုံစမ်းစစ်ဆေးသူတွေက မတွေ့ခဲ့ဘူးလို့ အဲဒီအစီရင်ခံစာက ဆိုပါတယ်။

ရဟတ်ယာဉ်ဟာ အီရန်နိုင်ငံ အနောက်မြောက်ပိုင်း အရှေ့အဇာဘိုင်ဂျန်ပြည်နယ်မှာ တနင်္ဂနွေနေ့က ပျက်ကျခဲ့တာဖြစ်ပါတယ်။ သမ္မတ Ebrahim Raisi နဲ့ နိုင်ငံခြားရေးဝန်ကြီး Hossein Amir Abdollahian အပါအဝင် ရဟတ်ယာဉ်ပေါ်လိုက်ပါခဲ့သူ ၈ ဦးစလုံး သေဆုံးခဲ့ပါတယ်။

အခုလိုပျက်ကျခဲ့တာဟာ ရာသီဥတုဆိုးရွားတာကြောင့်လို့ အစိုးရအကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ တခြား အကြီးတန်းအရာရှိတစ်ဦးကတော့ ပုံမှန်မဟုတ်တဲ့ ရာသီဥတုအခြေအနေမရှိခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်က ပျက်ကျရာနေရာကို စုံစမ်းစစ်ဆေးရေးအရာရှိတွေ တနင်္လာနေ့က စေလွှတ်ခဲ့ပြီး ပဏာမတွေ့ရှိချက်တွေကို နိုင်ငံပိုင်မီဒီယာကတစ်ဆင့် ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ရဟတ်ယာဉ်ဟာ တောင်ပေါ်ကို ပျက်ကျပြီး မီးလောင်ခဲ့ချိန်မှာ စီစဉ်ထားတဲ့ လမ်းကြောင်းအတိုင်း ပျံသန်းသွားနေခဲ့တယ်လို့ အစီရင်ခံစာမှာ ဆိုထားပါတယ်။ အပျက်အစီးတွေထဲမှာ ကျည်ဆန်ဆိုင်ရာ သဲလွန်စတွေ မတွေ့ရှိရဘူးလို့လည်း ဆက်လက်ဖော်ပြထားပါတယ်။

ရဟတ်ယာဉ်မောင်းနှင်သူဟာ မတော်တဆမှုမဖြစ်ခင် စက္ကန့် ၉၀ လောက်အလိုမှာ အုပ်စုထဲက တခြားရဟတ်ယာဉ်နှစ်စင်းနဲ့ ဆက်သွယ်ပြောဆိုခဲ့တယ်လို့ အဲဒီအစီရင်ခံစာက ဆိုပါတယ်။ ဒါအပြင် ရဟတ်ယာဉ်အမှုထမ်းတွေနဲ့ လေကြောင်းထိန်းချုပ်သူတွေအကြား စကားပြောဆိုမှုတွေမှာ ပုံမှန်မဟုတ်တာမျိုး တစ်စုံတစ်ရာ မကြားခဲ့ရဘူးလို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်တပ်က ဒီကိစ္စကို ဆက်လက်စုံစမ်းသွားမယ်လို့ ပြောပါတယ်။ ပြည်သူတွေအနေနဲ့ မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်တဲ့ ခန့်မှန်းပြောဆိုချက်တွေကို အရေးမစိုက်ကြဖို့ စစ်တပ်က တောင်းဆိုလိုက်ပါတယ်။