ပြန်လည်တည်ဆောက်ရေးစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဂျပန်ကုမ္ပဏီတွေ ယူကရိန်းကို သွားရောက်

ဂျပန်ကုမ္ပဏီလေးခုရဲ့ ကိုယ်စားလှယ်တွေဟာ ယူကရိန်းက ပြန်လည်တည်ဆောက်ရေးစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ယူကရိန်းမြို့တော် Kyiv ကို သွားရောက်ခဲ့ပါတယ်။

သွားရောက်သူတွေထဲမှာ မြေမြှုပ်မိုင်းရှာဖွေစက်နဲ့ မြေမြှုပ်မိုင်းရှင်းလင်းစက်တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက အရာရှိတွေ ပါဝင်ပါတယ်။ ကျန်တဲ့သူတွေကတော့ အခြေခံအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးကို ကိုင်တွယ်ဆောင်ရွက်တဲ့ ကုမ္ပဏီတွေက ဖြစ်ပါတယ်။

သူတို့ဟာ ကြာသပတေးနေ့အထိ Kyiv မှာ နှစ်ရက်ကြာ ရှိနေခဲ့ပါတယ်။ ကုမ္ပဏီကိုယ်စားလှယ်တွေဟာ နိုင်ငံ့အရေးပေါ်ဝန်ဆောင်မှုဌာန၊ စီးပွားရေးဝန်ကြီးဌာနနဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့ဟာ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

ဂျပန်အစိုးရဟာ ယူကရိန်းကို မြေမြှုပ်မိုင်းရှာဖွေစက်တွေ ပေးအပ်ခဲ့ပါတယ်။ မြေမြှုပ်မိုင်း ဖယ်ရှားရေးစီမံကိန်းတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေအတွင်း ရေရှည် နည်းပညာထောက်ပံ့ရေးနဲ့ ဝန်ထမ်းတွေကို ကိရိယာတွေရဲ့ အသုံးပြုပုံနဲ့ ပတ်သက်ပြီး သင်တန်းပေးရေး ဆွေးနွေးပြောဆိုခဲ့ပါတယ်။

Amemiya Makoto ဟာ မြေမြှုပ်မိုင်းရှင်းလင်းစက် ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ ပြန်လည်တည်ဆောက်ရေးကြိုးပမ်းမှုတွေကို အတူတကွ အားပေးလှုံ့ဆော်ဖို့အတွက် ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေကို ယူကရိန်းဆီ စေလွှတ်ဖို့ အရေးကြီးတယ်လို့ မစ္စတာ Amemiya က ပြောပါတယ်။

Sato Motoyuki ဟာ မြေမြှုပ်မိုင်းရှာဖွေစက် ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ ယူကရိန်း ပြန်နာလန်ထူလာနိုင်အောင် ကူညီဖို့အတွက် သူတို့ကုမ္ပဏီတွေ ကြိုးစားမှာ ဖြစ်တယ်ဆိုတာကို ယူကရိန်းနားလည်လာအောင် အခုတစ်ကြိမ် ခရီးစဉ်အတွင်း ဆောင်ရွက်နိုင်ခဲ့တယ်လို့ သူယုံကြည်ကြောင်း ပြောပါတယ်။

ဂျပန်အစိုးရဟာ ယူကရိန်းမှာ ရှိတဲ့ ဂျပန်နိုင်ငံသားအားလုံးကို အဲဒီကနေ ထွက်ခွာကြဖို့ အကြံပြုချက် ထုတ်ပြန်ခဲ့ပါတယ်။ ဂျပန်အစိုးရဟာ ယူကရိန်းပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ ပါဝင်တဲ့ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေအတွက် Kyiv မြို့ကို သွားရောက်ဖို့နဲ့ဆိုင်တဲ့ ကန့်သတ်ချက်တွေကို ဖေဖော်ဝါရီလမှာ ဖြေလျှော့ပေးခဲ့ပါတယ်။