ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန် သိမ်းယူနိုင်တာနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ တန်ပြန်ဆောင်ရွက်

ဒဏ်ခတ်ပိတ်ဆို့မှုတွေအရ ပိတ်သိမ်းခံထားရတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်အစိုးရက သိမ်းယူခဲ့ရင် ရုရှားအနေနဲ့ ရုရှားမှာ ရှိတဲ့ အမေရိကန်ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူခွင့်ပြုမယ့် အမိန့်ကို ရုရှားသမ္မတ Vladimir Putin က လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲဒီအမိန့်အရ ရုရှားမှာ ရှိတဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ ပိုင်ဆိုင်မှုနဲ့ ငွေကြေးဆိုင်ရာ စာချုပ်တွေအပါအဝင် အမေရိကန်ရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်မှာ ရှိတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းယူခံရမှုကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်မှုတွေအတွက် လျော်ကြေးအနေနဲ့ အသုံးပြုမှာ ဖြစ်ပါတယ်။ တရားရုံးက အမိန့်ချမှတ်လိုက်တဲ့အခါ ဘယ်လို ပိုင်ဆိုင်မှုမျိုးကို သုံးစွဲမလဲဆိုတာနဲ့ ပတ်သက်ပြီး အစိုးရရဲ့ အကြံပေးအဖွဲ့တစ်ဖွဲ့က ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

အမေရိကန်ဟာ ယူကရိန်းကို ထောက်ပံ့ဖို့အတွက် သူ့နိုင်ငံမှာ ရှိတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူနိုင်အောင် ဥပဒေတွေ ပြဋ္ဌာန်းထားပါတယ်။

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းကို စစ်ရေးအရ ထောက်ပံ့ဖို့နဲ့ တခြားရည်ရွယ်ချက်တွေအတွက် ရုရှားဗဟိုဘဏ်ရဲ့ ပိုင်ဆိုင်မှုတွေကရတဲ့ အတိုးငွေကို အသုံးပြုဖို့ အင်္ဂါနေ့မှာ သဘောတူခဲ့ပါတယ်။

သောကြာနေ့ကျရင် အီတလီမှာ စတင်ကျင်းပဖို့ စီစဉ်ထားတဲ့ အစည်းအဝေးတွေမှာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး G7 နိုင်ငံတွေက ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ်အကြီးအကဲတွေဟာ ဆွေးနွေးဖွယ် ရှိပါတယ်။

ဒီအတောအတွင်း ရုရှားဟာ ယူကရိန်းမှာ ထိုးစစ်တွေကို တိုးမြှင့်လုပ်ဆောင်နေပြီး ယူကရိန်းအရှေ့ပိုင်း Kharkiv မြို့ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အင်္ဂါနေ့က တိုက်ခိုက်မှုတွေကြောင့် လူ ၇ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းပြည်ထဲရေးဝန်ကြီး Ihor Klymenko က ပြောပါတယ်။

အမေရိကန်နဲ့ ဥရောပက အထောက်အပံ့တွေ ပိုမိုပေးအပ်ဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က တောင်းဆိုလိုက်ပါတယ်။ "ရုရှားအကြမ်းဖက်သမားတွေ" လို့ သူခေါ်ဆိုတဲ့သူတွေဟာ ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေးစနစ်ရဲ့ အားနည်းမှုကို အခွင့်ကောင်းယူနေတယ်လို့ လူမှုကွန်ရက်ရေးသားချက်တစ်ခုမှာ ဖော်ပြထားပါတယ်။