ဆိုးလ်မြို့မှာ တနင်္လာနေ့ကျရင် တောင်ကိုရီးယား၊ တရုတ်နဲ့ ဂျပန် ထိပ်သီးအစည်းအဝေး ကျင်းပမယ်

တောင်ကိုရီးယား၊ တရုတ်နဲ့ ဂျပန်ခေါင်းဆောင်တွေ တနင်္လာနေ့ကျရင် ဆိုးလ်မြို့မှာ သုံးနိုင်ငံထိပ်သီးအစည်းအဝေးကို ကျင်းပမှာဖြစ်ပါတယ်။ ဒါဟာ ၄ နှစ်ခွဲအတွင်း ပထမဆုံး ဖြစ်လာမှာဖြစ်ပါတယ်။

သမ္မတ Yoon Suk-yeol ဟာ တရုတ်ဝန်ကြီးချုပ် Li Qiang ၊ ဂျပန်ဝန်ကြီးချုပ် Kishida Fumio တို့နဲ့ တနင်္ဂနွေနေ့မှာ အသီးသီး နှစ်နိုင်ငံဆွေးနွေးပွဲတွေကိုလည်း ကျင်းပမယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

ဆွေးနွေးမယ့် ခေါင်းစဉ်တွေမှာ စီးပွားရေး၊ လူထုအဆင့် ကူးလူးဆက်ဆံရေး၊ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ဘေးအန္တရာယ်ကျရောက်ချိန် ပူးပေါင်းဆောင်ရွက်ရေးတွေ ပါဝင်မှာဖြစ်ကြောင်း သမ္မတရုံးက ပြောကြားခဲ့ပါတယ်။ ထိပ်သီးအစည်းအဝေးအပြီးမှာ ပူးတွဲကြေညာချက် ထုတ်ပြန်ဖွယ်ရှိကြောင်း အဲဒီရုံးက ဆိုပါတယ်။

အဲဒီ အာရှသုံးနိုင်ငံဟာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ၂၀၀၈ ခုနှစ်ကစတင်ပြီး နှစ်စဉ် သုံးနိုင်ငံထိပ်သီးအစည်းအဝေးကို ကျင်းပဖို့ သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျပန်နဲ့ တောင်ကိုရီးယားအကြား သဘောထားကွဲလွဲမှုနဲ့ COVID-19 ကပ်ရောဂါကြောင့် ဒီလှုပ်ရှားမှု ရပ်တန့်သွားခဲ့ပါတယ်။ ဒီနိုင်ငံတွေရဲ့ သုံးနိုင်ငံထိပ်သီးအစည်းအဝေးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ နောက်ဆုံးကျင်းပခဲ့ပါတယ်။

ဒီထိပ်သီးအစည်းအဝေးဟာ သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုစနစ် အပြည့်အဝပြန်လည်ထူထောင်ရေးနဲ့ ပုံမှန်ပြန်ဖြစ်စေရေး အချိုးအကွေ့တစ်ခု ဖြစ်လာမှာဖြစ်ကြောင်း သမ္မတရုံးက ပြောကြားခဲ့ပါတယ်။