ဂျပန်နိုင်ငံမှာ အမှန်တကယ်လုပ်အားခ ဘဏ္ဍာရေးနှစ် ၂ နှစ်ဆက်တိုက် ကျဆင်း

ဂျပန်နိုင်ငံက လုပ်သားတွေဟာ ၂၀၂၃ ဘဏ္ဍာရေးနှစ်မှာလည်း ၂ နှစ်ဆက်တိုက် လက်တွေ့လုပ်ခလစာ လျော့နည်းခဲ့ကြပါတယ်။ လစာဟာ ပမာဏအားဖြင့်တိုးလာပေမဲ့လည်း ငွေကြေးဖောင်းပွမှုကို ကျော်လွန်နိုင်ခြင်းမရှိသေးပါဘူး။

အလုပ်သမားဝန်ကြီးဌာနရဲ့ စစ်တမ်းတစ်ခုမှာ ပြီးခဲ့တဲ့မတ်လအထိ တစ်နှစ်တာအတွင်း ပျမ်းမျှလစာဟာ ယန်း ၃၃၂,၅၃၃ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၂,၁၀၀ လောက်ရှိတာကို တွေ့ရပါတယ်။ ယန်းငွေတန်ဖိုးနဲ့ကြည့်ရင် ဒါဟာ ၂၀၂၂ ဘဏ္ဍာရေးနှစ်ကထက် ၁.၃ ရာခိုင်နှုန်း တက်လာတာဖြစ်ပြီး ၃ နှစ်ဆက်တိုက် တိုးလာတာဖြစ်ပါတယ်။

ဒါပေမဲ့ ငွေကြေးဖောင်းပွမှုနဲ့ချိန်ညှိထားတဲ့ အလုပ်သမားတစ်ဦးရဲ့ အမှန်တကယ်လစာဟာ ၂.၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

အခုနှစ် နွေဦးရာသီရဲ့ နှစ်စဉ်ပြုလုပ်နေကျ အလုပ်သမားညှိနှိုင်းမှုတွေအရ အခုလအထိ ပျမ်းမျှလုပ်ခလစာ ၅ ရာခိုင်နှုန်း တိုးလာစေခဲ့တယ်လို့ ဂျပန် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ပြောပါတယ်။

ဒါဟာ အတော်လေး ကြီးကြီးမားမား တိုးလာတာဖြစ်ပါတယ်။ ကုန်ဈေးနှုန်းတက်လာတာက အမှန်တကယ်ရတဲ့လစာကို ဝါးမြိုသွားမှာလားဆိုတာ အခုအခါမှာ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။