ထိုင်ဝမ်ပတ်ဝန်းကျင်မှာ တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်နေ

ထိုင်ဝမ် အနီးအနားမှာ ကြာသပတေးနေ့ မနက်ပိုင်းက စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တယ်လို့ တရုတ်စစ်တပ်က ကြေညာခဲ့ပါတယ်။

အဲဒီ စစ်ရေးလေ့ကျင့်မှုကို ဒေသအချိန် မနက် ၇ နာရီ ၄၅ မိနစ်မှာ Kinmen ကျွန်းအနီးနဲ့ တခြားနေရာတွေမှာ စတင်ခဲ့တယ်လို့ တရုတ်အရှေ့ပိုင်းစစ်နယ်ဝန်း ကွပ်ကဲရေးဌာနက ပြောကြားခဲ့ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုတွေကို ကြာသပတေးနဲ့ သောကြာနေ့တွေမှာ ပြုလုပ်မယ်လို့လည်း အဲဒီဌာနက ပြောပါတယ်။ တရုတ်ရဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ ဒုံးကျည်တပ်ဖွဲ့တွေ ပါဝင်နေပါတယ်။

ထိုင်ဝမ် လွတ်လပ်ရေး ကြိုးပမ်းနေသူတွေကို ခွဲထွက်ရေးအုပ်စုအဖြစ် အဲဒီဌာနက ဖော်ပြခဲ့ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုတွေဟာ ပြင်ပအင်အားစုတွေနဲ့ ခွဲထွက်ရေးအုပ်စုတွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေအတွက် ပြင်းထန်တဲ့ သတိပေးချက်ဖြစ်တယ်လို့ အဲဒီဌာနက ဆိုပါတယ်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒါဟာ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ ရန်စမှုဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပျက်ပြားစေတဲ့လုပ်ရပ်ဖြစ်တယ်လို့ဆိုရင်း တရုတ်ရဲ့ထုတ်ပြန်ချက်အပေါ် စိတ်ပျက်ဖွယ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဂျပန် အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Hayashi Yoshimasa က ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ ဂျပန်နိုင်ငံရဲ့ လုံခြုံရေးအတွက်သာမက နိုင်ငံတကာအသိုက်အဝန်းရဲ့ တည်ငြိမ်ရေးအတွက်ပါ အရေးကြီးတယ်လို့ ပြောပါတယ်။

သူက ဂျပန်နိုင်ငံဟာဆက်လက်ပြီး အဲဒီသတင်းစကားကို တရုတ်နိုင်ငံဆီ တိုက်ရိုက်ပေးပို့သွားမှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ တခြားမဟာမိတ်တွေသာမက တခြားနိုင်ငံတွေနဲ့လည်း အနီးကပ် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။