Haneda လေဆိပ်မှာ JAL လေယာဉ်နှစ်စင်း တောင်ပံတွေ တိုက်မိခဲ့ကြ

ကြာသပတေးနေ့ မနက်ပိုင်းက တိုကျိုမြို့ Haneda လေဆိပ်မှာ Japan Airlines (JAL) က ခရီးသည်တင်လေယာဉ်နှစ်စင်းရဲ့ တောင်ပံထိပ်တွေ တိုက်မိခဲ့ကြပါတယ်။ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။

ဒီအဖြစ်အပျက်ဟာ မနက် ၇ နာရီ ၃၀ မိနစ်လောက်မှာ ဖြစ်ပွားခဲ့တယ်လို့ JAL က ပြောပါတယ်။

Hokkaido က New Chitose လေဆိပ်ကို ပျံသန်းမယ့် JAL Flight 503 လေယာဉ်ဟာ သူရပ်နေတဲ့နေရာကနေ နောက်ပြန်ဆုတ်သွားခဲ့ရာမှာ သူ့အနားက ကပ်လျက်နေရာဆီမှာရပ်ဖို့ ဦးတည်မောင်းနှင်လာတဲ့ လေယာဉ်တစ်စီးကို တိုက်မိခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်နှစ်စင်းစလုံး ထိခိုက်မှုရှိခဲ့ပါတယ်။

Flight 503 လေယာဉ်ပေါ်မှာ လူ ၃၂၈ ဦး ရှိနေခဲ့ပြီး ဒီခရီးစဉ်ကိုဖျက်သိမ်းခဲ့ပါတယ်။

တခြားလေယာဉ်မှာ ခရီးသည်မပါကြောင်းနဲ့ လေယာဉ်ပြောင်းရတဲ့အတွက် ခရီးစဉ်နှောင့်နှေးခဲ့ရကြောင်း JAL က ပြောပါတယ်။

အဆင်မပြေဖြစ်ရတဲ့အတွက် ခရီးသည်တွေကို ဒီလေကြောင်းလိုင်းက တောင်းပန်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ လတ်တလော ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့လေယာဉ်ကွင်းအတွင်း လေယာဉ်တိုက်မိမှုတွေထဲက နောက်ဆုံးတစ်ခု ဖြစ်ပါတယ်။ ဇန်နဝါရီလက New Chitose လေဆိပ်မှာ Korean Air က လေယာဉ်တစ်စင်းက ရပ်ထားတဲ့ Cathay Pacific လေယာဉ်ကို ဖြတ်တိုက်မိခဲ့ပါတယ်။ ဖေဖော်ဝါရီလတုန်းက အိုဆာကာလေဆိပ်မှာ All Nippon Airways ခရီးသည်တင် ဂျက်လေယာဉ်နှစ်စင်းဟာလည်း တောင်ပံ‌ချင်းတိုက်မိခဲ့ပါတယ်။