ဇူလိုင်လမှာ ဂျပန်နဲ့ ဖိလစ်ပိုင် 2-plus-2 ဆွေးနွေးပွဲတွေ ကျင်းပဖွယ်ရှိ

ဂျပန်အစိုးရဟာ ဖိလစ်ပိုင်နဲ့အကြား 2-plus-2 လို့ခေါ်တဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲတွေကို မနီလာမှာ အစောဆုံး ဇူလိုင်လမှာ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

အရှေ့တရုတ်နဲ့ တောင်တရုတ်ပင်လယ်တွေမှာ တရုတ်နိုင်ငံရဲ့ လှုပ်ရှားမှုတွေ တိုးလာနေချိန်မှာ ဂျပန်က ဖိလစ်ပိုင်နဲ့အကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု အားဖြည့်ဖို့ မျှော်လင့်နေပါတယ်။

တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်နဲ့ တရုတ်အစိုးရတွေအကြား တင်းမာမှုတွေ တိုးလာနေတဲ့အချိန်မှာ အခုလို လှုပ်ရှားမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ တရုတ်ကမ်းခြေစောင့်သင်္ဘောတွေဟာ အဲဒီရေပြင်မှာ ဖိလစ်ပိုင်ကင်းလှည့်သင်္ဘောတွေကို ရေအမြောက်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီ ဆွေးနွေးပွဲတွေမှာ ဂျပန်ဘက်က နိုင်ငံခြားရေးဝန်ကြီး Kamikawa Yoko ၊ ကာကွယ်ရေးဝန်ကြီး Kihara Minoru နဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေး၀န်ကြီး Enrique Manalo ၊ အမျိုးသား ကာကွယ်ရေးဝန်ကြီး Gilberto Teodoro တို့ တွေ့ဆုံကြမယ်လို့ မျှော်လင့်ရပါတယ်။

ဂျပန်အစိုးရဟာ လက်ရှိကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေး သက်တမ်းတိုးမတိုးဆိုတာကို ထည့်သွင်းစဉ်းစားရင်း နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့ စီစဉ်ထားပါတယ်။

အကောင်အထည်ပေါ်လာမယ်ဆိုရင် ဒါဟာ ဒုတိယအကြိမ်မြောက် 2-plus-2 ဆွေးနွေးပွဲဖြစ်လာမှာဖြစ်ပါတယ်။ ပထမအကြိမ်ကို ၂၀၂၂ ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။