အနောက်နိုင်ငံတွေရဲ့လက်နက်တွေနဲ့ ရုရှားနယ်မြေကို ပစ်မှတ်ထားရေး ယူကရိန်းအပေါ်ခွင့်ပြုဖို့ တောင်းဆိုမှုတွေ ရှိလာနေ

ရုရှားပိုင်နက်ထဲက ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အနောက်နိုင်ငံတွေဆီကရတဲ့ လက်နက်တွေကို ယူကရိန်းက အသုံးပြုတာကို ခွင့်ပြုဖို့ အနောက်နိုင်ငံတွေရဲ့ အထင်ကရပုဂ္ဂိုလ်တချို့က တောင်းဆိုနေကြပါတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရကတော့ ဒီအကြံအစည်ကို သတိကြီးကြီးထားနေဆဲဖြစ်ပါတယ်။

နေတိုး အထွေထွေအတွင်းရေးမှူးဟောင်း Anders Fogh Rasmussen က ယူကရိန်းက လက်ခံရရှိခဲ့တဲ့ လက်နက်တွေကို နိုင်ငံအတွင်းမှာပဲ အသုံးပြုရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ ရုပ်သိမ်းသင့်တယ်လို့ မေ ၁၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး David Cameron က ယူကရိန်းဟာ ရုရှားပိုင်နက်ထဲက ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ဗြိတိန်ရဲ့လက်နက်တွေကို အသုံးပြုပိုင်ခွင့်ရှိကြောင်း အခုလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း ယူကရိန်းကို ပေးအပ်ထားတဲ့ လက်နက်တွေကို ယူကရိန်းမှာရှိနေတဲ့ ရုရှားတပ်တွေအပေါ် အသုံးပြုသင့်တယ်လို့ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Charles Q. Brown က အကြံပြုခဲ့ပါတယ်။ ပေးအပ်ထားတဲ့ အမေရိကန်လက်နက်တွေကို ခရိုင်းမီးယားသာမက ယူကရိန်းတပ်တွေ လှုပ်ရှားနေပြီဖြစ်တဲ့ ရှေ့တန်းစစ်မျက်နှာတွေက "အနီးကပ်တိုက်ပွဲ" မှာ အသုံးချဖို့ဟာ အဓိကသော့ချက်ဖြစ်တယ်လို့ တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာ သူက ပြောပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က “အနီးကပ်တိုက်ပွဲ" မှာ အောင်မြင်ဖို့အတွက် အဲဒီလက်နက်တွေကို အသုံးပြုသင့်တယ်လို့ ပြောပါတယ်။